Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday 25 August 2011

မုဒိတာ ဗီတာမင်



ဗြဟ္မစိုရ်တရားလေးပါးကို ဗီတာမင်အားဆေးအဖြစ်မှီဝဲကြဖို့တိုက်တွန်းထားတဲ့ ဆရာချစ်ဦးညိုရဲ့ဆောင်းပါးကိုအလွန် သဘောကျမိပါတယ်။ ကျွန်မတို့တွေအမိမြေနဲ့ဝေးတဲ့အရပ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနေနိုင်ဖို့တော့ ဗြဟ္မစိုရ် အားဆေးလေး များမှီဝဲပြီး နှလုံးသားမှာတရားကိန်းနေဖို့လိုပါတယ်။ နေ့စဉ်စားသုံးတဲ့အာဟာရမှာ ဗီတာမင်တစ်မျိုး ချို.တဲ့နေရင် ကျန်းမာရေးထိခိုက်တတ်သလိုပဲ မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးမှာ တစ်ပါး ချို.တဲ့နေရင် ကျွန်မတို့ရဲ.အတွင်းသဏ္ဍန်မှာအေးငြိမ်းမှုမရနိုင်တဲ့အတွက် ဓါတ်ကြီးလေးပါးဖေါက်ပြန်လာပြီး အနာ ရောဂါထူပြောတတ်ပါတယ်။

ပူချွန်းဓမ္မရောင်ခြည်ကျောင်းဆရာတော်က  ဗြဟ္မစိုရ်တရားဟောရင်း မြန်မာလူမျိုးတွေသဒ္ဓါတရားအားကောင်းပြီး မုဒိတာအားနည်းကြောင်း ထောက်ပြပါတယ်။ ကိုယ့်ပိုက်ဆံမကုန်ရဘဲနဲ့ သူတစ်ပါးကြီးပွါးတာကိုအလကားနေရင်းမနာ လိုဖြစ်တတ်တဲ့ ဗုဒ္ဓဘာသာမြန်မာတွေရဲ့အကျင့်တွေကိုဖျောက်ကြဖို့ ဆရာတော်ကအလေးအနက်ထားဆုံးမလိုက်ပါ တယ်။ ဆရာတော်ပြောသလိုပဲ မြန်မာတွေမုဒိတာအားနည်းကြပါတယ်။
တကယ်တော့ သူတစ်ပါးကြီးပွါးချမ်းသာတာကို ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း မုဒိတာပွါးခြင်းဟာ မိမိကိုယ်ကျိုးယုတ် လျော့သွားခြင်းမရှိပဲ ကုသိုလ်တရားတိုးပွါးစေပါတယ်။ မုဒိတာစိတ်ဖြစ်နေတဲ့အချိန်မှာ စိတ်နှလုံးဟာကြည်နူးလန်း ဆန်းနေမှာဖြစ်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းမှုကြောင့် နှလုံးခုန်မှန်၊ အသက်ရှူမှန်ပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေ ဟန်ချက်ညီနေတာကြောင့် ကျန်းမာခြင်းသုခနဲ့ပြည့်စုံစေပါတယ်။ ဒါကြောင့်မုဒိတာတရားကို ဗီတာမင်တစ်မျိုးအဖြစ် မှီဝဲသင့်တာပါ။ မုဒိတာတရားဟာချစ်ခြင်းမေတ္တာကိုရေရှည်ခိုင်မြဲစေပြီး၊ အချင်းချင်းညီညွတ်မှုကိုလည်းအားကောင်း စေတယ်လို့ကျွန်မမြင်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်တဲ့ မနာလိုခြင်းဣဿာနဲ့ ၀န်တိုခြင်းမေစ္ဆရိယတွေကတော့ လူ့ပတ်ဝန်းကျင်ကိုအင်မတန်ဒုက္ခပေးပါ တယ်။ ဣဿာမေစ္ဆရိယပွါးတဲ့လူရဲ့ စိတ်အစဉ်ဟာအမြဲညစ်နွမ်းပြီးပူလောင်နေမှာဖြစ်ပါတယ်။ သူတပါးကြီးပွါးတာကို မလိုလားတာကြောင့် ဖျက်လိုဖျက်စီးကြံစည်ရတဲ့ဗျာပါဒတွေနဲ့ အမြဲဂနာမငြိမ်ဖြစ်နေတတ်ပါတယ်။ ပျက်စီးကြောင်းကို ကာယကံမြောက်လုပ်ဆောင်မိရင်တော့ ပစ္စုပ္ပာန်နဲ့သံသရာအတွက် နစ်နာလှပါတယ်။ ပျက်စီးစေလိုခြင်း၊မကောင်းကြံ စည်ခြင်းကြောင့် အချင်းချင်းရန်ငြှိုးထားအမုန်းပွါးပြီး မေတ္တတရားများဆိပ်သုဉ်းစေပါတယ်။
မြန်မာတွေမုဒိတာအားနည်းရတဲ့ အဓိကအကြောင်းရင်းကတော့ ဆင်းရဲခြင်းနဲ့အခွင့်အလမ်းနည်းပါးခြင်းကြောင့်လို့ထင် ပါတယ်။ ဆန်မရှိလို့ညနေစာမစားရတဲ့အိမ်သားတွေ ဘေးအိမ်က၀က်သားဆီပြန်ဟင်းနံ့ကိုရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ စိတ်သဘောကိုမှန်းဆကြည့်နိုင်ပါတယ်။ ရွာအလှူပွဲမှာနွမ်းပါးစွာဝတ်ဆင်ထားရတဲ့မိန်းမပျိုလေးဟာ စိန်ရွှေရတနာ ညွှတ်နေအောင်ဆင်ယင်ထားတဲ့သူဌေးသမီးအပေါ် အားကျစိတ်နဲ့အတူမနာလိုစိတ်ကလေးလည်းမသိမသာဖြစ်တတ် ပါတယ်။  လူတိုင်းစားဝတ်နေရေးနဲ့ အခြေခံလိုအပ်ချက်တွေပြည့်စုံနေမယ်ဆိုရင် သူတပါးချမ်းသာကြွယ်ဝမှုအပေါ် မနာလိုဝန်တိုဖြစ်မှုတွေလျော့နည်းသွားနိုင်ပါတယ်။
တရားမမျှတခြင်းဟာလည်း မုဒိတာတရားကိုအားနည်းစေတယ်လို့ ကျွန်မမြင်ပါတယ်။ ကျွန်မတို့တိုင်းပြည်ကအစိုးရ အမှုထမ်းအရာထမ်းတွေကျင့်သုံးနေတဲ့ ဘက်လိုက်ခြင်း၊လာတ်ပေးလာတ်ယူုခြင်းများဟာ ၀န်ထမ်းအချင်းချင်းချစ်ခင် မြတ်နိုးစွာတိုင်းပြည်အကျိုးထမ်းရွက်လိုစိတ်ကို ပျက်စီးစေခဲ့ပါတယ်။ လူခင်ရင်မူပြင်၊လူမုန်းရင်မူသုံးတဲ့စနစ်ကြောင့် အရည်အချင်းရှိလျက်နဲ့နောက်ကျန်နေသူများက တစ်စုံတစ်ဦးကြောင့်နေရာကောင်းရနေသူအပေါ် မုဒိတာပွါးနိုင်ဖို့ဆို တာသာမန်ပုထုဇဉ်တွေအတွက်မလွယ်ကူလှပါဘူး။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်း မမျှတမှုတွေအနဲနဲ့အများရှိနေတာကြောင့် အချင်းချင်းစိတ်ဝမ်းကွဲပြီး မုဒိတာတရားတွေခန်းခြောက်လာခြင်းဟာ တိုင်း ပြည်အနာဂါတ်အတွက်မကောင်းနိုင်ပါဘူး။
အတ္တမာန်မာနတွေဟာလည်း မုဒိတာတရားတွေခန်းခြောက်စေပါတယ်။ အတ္တကြီးတဲ့သူတွေဟာတစ်ကိုယ်ကောင်း ဆန်ပြီး သူများထက်အမြဲသာနေချင်တာမို့ တစ်စုံတစ်ယောက်မိမိထက်ပိုပြီးကြီးပွါးသွားရင် မနာလိုမရှုဆိမ့်ဖြစ်နေပါ တော့တယ်။ ထိုနည်းတူစွာပဲ ရာထူးဂုဏ်ဓနဂုဏ်နဲ့မာန်တက်နေတဲ့သူတွေဟာ မိမိရဲ့ပြိုင်ဘက်ကပိုပြီးသြဇာအာဏာ ရှိလာတဲ့အခါ သို့မဟုတ် စီးပွါးရေး ပိုပြီးအောင်မြင်လာတဲ့အခါမျိုးမှာ အိပ်မပျော်စားမ၀င်လောက်အောင် မလိုတမာစိတ် တွေနဲ့ပူလောင်နေတတ်ပါတယ်။ သူတပါးမနာလိုကိုယ်ကျိုးမဖြစ်တဲ့ သာဓကများစွာကိုတရားတော်တွေမှာ နာကြားဖူး ကြပေမဲ့ နှလုံးသွင်းမှုအားနည်းနေကြပါတယ်။
လောကမှာဘယ်အရာမှမတည်မြဲသလို ကုသိုလ်ကံ၊အကုသိုလ်ကံတွေကလွဲလို့ ဘယ်အရာကိုမှကျွန်မတို့မပိုင်ပါဘူး။ အစိုးမရခြင်းအနတ္တသဘောကို နှလုံးသွင်းနိုင်ကြမယ်ဆိုရင် အတ္တမာန်မာနတွေကိုဖယ်ခွါနိုင်ပြီး ဣဿာမေစ္ဆရိယတွေ ကင်းစင်သွားမှာပါ။ သံသရာမှာဆွေမျိုးမတော်ဖူးသူမရှိဘူးရယ်လို့ မြတ်စွာဘုရားဟောကြားခဲ့တာကြောင့် လူသားအား လုံးအပေါ် မိဟောင်းဖဟောင်းဆွေမျိုးဟောင်းတွေလို မေတ္တာထားသင့်ပါတယ်။ လူတိုင်းအပေါ်အပိုင်းအခြားအကန့်အ သတ်မရှိမေတ္တာထားနိုင်ရင်တော့ ကောင်းကျိုးကိုလိုလားတာကြောင့် မုဒိတာတရားတွေအလိုအလျောက်ဖြစ်ပေါ်လာ မှာပါ။ မိမိကိုယ်ကိုနဲ့ မိသားစုလောက်ကိုသာချစ်တတ်ခြင်း၊ ကိုယ်ချစ်တဲ့သူ ကိုယ်နဲ့သင့်မြတ်သူရဲ့အကျိုးကိုသာလိုလား ခြင်းကတော့ အင်မတန်မှကျဉ်းမြောင်းလွန်းပါတယ်။
ဗြဟ္မစိုရ်တရားတွေသွေ့ခြောက်နေရင် လူ့လောကကြီးဟာနေချင်စရာမကောင်းပါဘူး။ ဒေါသမာနနဲ့ ဣဿာမေစ္ဆရိယ ကိလေသာတွေထူပြောတဲ့ ပတ်ဝန်းကျင်ဟာအပူရှိန်များပြီး စေးထန်းအိုက်စပ်နေပါလိမ့်မယ်။ ကမ္ဘာကြီးပူနွေးလာမှုဟာ လူတွေရဲ့ကိလေသာအပူငွေ့တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ငြိမ်းချမ်းစိုပြေတဲ့ လူ့ဘောင်သစ်ကိုမေတ္တာ နှလုံးသားများနဲ့ ဖန်တီးတည်ဆောက်ဖို့လိုအပ်နေပါတယ်။ မေတ္တာကြောင့်မုဒိတာတရားတွေပေါက်ဖွားလာပြီး၊ မုဒိတာ ပွါးခြင်းကြောင့် ချစ်ခြင်းမေတ္တာကိုအားကောင်းလာစေရင်ဖြင့် ခိုင်မြဲသောတွဲလက်များ ညီညွတ်ခြင်းအင်အားများနဲ့ ကျွန်မတို့ မျှော်လင့်တောင့်တနေတဲ့ အနာဂတ်ဆ်ီကိုအမြန်ဆုံးရောက်နိုင်ပါလိမ့်မယ်။
ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်းနဲ့ ငြိမ်းချမ်း၍သာယာဝပြောသော၊ တရားမျှတ ၍လူ့အခွင့်အရေးပြည့်ဝသော ရွှေပြည်သစ်ကိုမျှော်မှန်းတမ်းတမိပါတယ်။

ရွှင်လန်းချမ်းမြေ.ကြပါစေ
(စံပယ်ဖြူ)



အပြင်စီးမဂ္ဂဇင်း၊ အမှတ်(၇)၊ ဇူလိုင်လ ၂၀၁၁ 

No comments:

Post a Comment