Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday, 1 December 2014

ဌာနေသို့ တခေါက်တခါ



ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။  
 
ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။ အချိန်အခါမဟုတ် မိုးတွေရွာလို့ စပါးနဲ့ ပဲတွေ လေးလွင့်ပျက်စီးရလို့ ရွာကလူတွေ စိတ်ပျက်စွာ ညည်းညူကြပါတယ်။ ရွာသီဥတု ဖောက်ပြန်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကို လှိမ့်နေအောင် ခံကြရတာ တောင်သူလယ်သမားတွေ။ အခုဆိုရွာတွေမှာ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ နှောင့်နှေးကြ ပါတယ်။ ရွာက လူတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်တွေမှာ အလုပ်သွားကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ လူတွေက အလုပ်ကြမ်းမလုပ်ကြသူတွေ။ နှစ်လုံးထီ၊ သုံးလုံးထီဖြတ်ရောင်းပြီး သက်တောင့် သက်သာနေကြသူတွေ ဖြစ်ပါတယ်။ ဘွဲ့ရစာတတ်သူတွေပေါတဲ့ ကျွန်မတို့ရွာမှာ အရက်သမားနဲ့ လောင်းကစားတွေလည်း ပေါပါတယ်။

Saturday, 15 November 2014

ရန်ကုန်သို့ တခေါက်ပြန်ရောက်ခြင်း




နှစ်နှစ်ကျော်လောက် ပြန်မရောက်ဖြစ်ခဲ့တဲ့ ရန်ကုန်ကို တခေါက်ပြန်ရောက် လာပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တုန်းက နေပျော်စရာကောင်းသေးတဲ့ ရန်ကုန်။ မိတ်ဆွေသူငယ်ချင်းကောင်း၊ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ရန်ကုန်။ ရန်ကုန်က ကျွန်မရဲ့ မွေးရပ်မြေ မဟုတ်ပေမဲ့ ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတခုပါ။ ရန်ကုန်မှာ ပညာသင်၊ ရန်ကုန်မှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀ပေးအသိတွေ ရခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ရင် ကျွန်မ ရန်ကုန်မှာပဲ နေဖြစ်ပါတယ်။ မိဘနှစ်ပါး မရှိတော့ပြီမို့ ရွာပြန်ရင်လည်း တပတ်ဆယ်ရက်ထက် ပိုပြီး မနေနိုင်တော့ပါ။ ရန်ကုန်မှာ အိမ်မရှိပေမဲ့ သူငယ်ချင်းအိမ်မှာ စတည်းချနေပြီး၊ အခြားမြို့က သူငယ်ချင်းတွေဆီသွားလည်လိုက်၊ လူမှုရေးကိစ္စလေးတွေ အနည်းအကျဉ်း ကူညီပေးလိုက်နဲ့ လယ်ယာပြန်စားရေး လုပ်နေရပါတယ်။

ရန်ကုန်ကို အခုတခေါက်ပြန်လာတဲ့ ခရီးစဉ်မှာ ဖောက်သယ်ချစရာလေးတွေ ရှိပါတယ်။ နိုဝင်ဘာလထဲမှာ မြန်မာလေကြောင်းလိုင်းက ကွာလာလမ်ပူမှ ရန်ကုန် ခရီးစဉ်အတွက် (၂)ရက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲတော့ မသိပါ။ မလေးရှားလေကြာင်းကို လောလောဆယ် မစီးချင်သေးတာကြောင့် အေးရှားလေကြောင်းနဲ့ ပြန်လာပါတယ်။ ကွာလာလမ်ပူလေဆိပ်ကို အလာမှာ ကျွန်မ နမော်နမဲ့ နိုင်တာတွေကိုတော့ မရေးပဲ ချန်ခဲ့လိုက်ပါတယ်။ လေဆိပ်ကို အချိန်မှီရုံလေး ရောက်ခဲ့ပါတယ်။ လေယဉ်ပေါ်ရောက်တော့ ကျွန်မဘေးခုံမှာ ကျွန်မထက် အသက်ငယ်တဲ့ ကိုရွှေမြန်မာနှစ်ယောက်။ အေးအေးလူလူပါပဲ။ လမ်းတ၀က်လောက်ရောက်တော့   လေယဉ်မယ်က   လေဆိပ်အ၀င် (Arrival card) နဲ့ အကောက်ခွန် ပုံစံတွေ ဖြည့်ဖို့ စာရွက်တွေ လိုက်ဝေပါတယ်။ အင်္ဂလိပ်လို ပုံစံကို မဖြည့်တတ်လို့ ကျွန်မဘေးက တယောက်ကိုဖြည့်ပေးခဲ့ ရပါတယ်။ ကျွန်မဘေး တယောက်ကျော်ကတော့ ကျွန်မ ဖြည့်ထားတဲ့ ပုံစံကို နမုနာကြည့်ပြီး၊ သူ့ဖာသာဖြည့်ပါတယ်။ သူနားမလည်ရင် ကျွန်မကို မေးပြီးဖြည့် ပါတယ်။ ကျွန်မ စိတ်ထဲကနေ မဆိုးပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အချိန် နှစ်နာရီကျော် ပျံသန်းပြီးတဲ့နောက် အဲအေးရှား လေယာဉ် ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ ပါတယ်။ လေဆိပ်အ၀င် လ၀ကမှာ တန်းစီ၊ ကျွန်မအလှည့်ရောက်တော့ လ၀က အရာရှိကို ပတ်စပို့နဲ့ ဖြည့်ထားပြီးသား လေဆိပ်အ၀င်ကဒ်ကို ပေးလိုက်ပါတယ်။ သူစစ်ဆေးနေတာကို စောင့်နေရင်း ဟိုဘက်က တယောက်ကို ပိုက်ဆံ (၃၀) တောင်းတာကြားလိုက်ပါတယ်။ မလေးရှားက   ပြန်လာတဲ့သူကို တောင်းတဲ့ ငွေ(၃၀)ဆိုတာ ရင်းဂစ်(၃၀) ဖြစ်ပါလိမ့်မယ်။ မြန်မာငွေ (၉၀၀၀)ကျပ် ၀န်းကျင်။ ဘာအတွက် တောင်းတာလည်းလို့ သိချင်ပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ၀င်စွက်ဖက်ဖို့ မသင့်တော်လို့ နားပဲထောင်နေ လိုက်ရပါတယ်။ ပုံစံဖြည့်ထားတာ မပြည့်စုံတာကြောင့်လည်း   ဖြစ်နိုင်ပါတယ်။ ငွေကိုးထောင်ကျပ် ၀န်းကျင်က သုံးသိန်းအောက် အများကြီးနဲတယ် မဟုတ်လား။ ဒါမျိုးတွေ ရိုးနေပြီဆိုပေမဲ့ ကျွန်မစိတ်ထဲ မတရားအနိုင်ကျင့်တာလို့ပဲ မြင်ပါတယ်။

Tuesday, 21 October 2014

ဒိုင်းခင်ခင်ကို ခံစားကြည့်ခြင်း




ငယ်ငယ်က မောင်ဖေငယ်လို အချစ်မျိုး ဆိုတဲ့သီချင်းကို နားရည်ဝခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င် ဇာတ်လမ်းကို ကျွန်မ စိတ်မ၀င်စားခဲ့ပါ။ ဆရာမ စိမ့်(ပညာရေး) ရဲ့ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်လိုက်ရတော့ ဒိုင်းခင်ခင်ရဲ့ ဘ၀ရာဇ၀င်က ကျွန်မ နှလုံးသားမှာ စွဲကျန်နေခဲ့ပါတယ်။ ဇာတ်က သိပ်နာလွန်းပြီး၊ စာရေးသူရဲ့ အဖွဲ့အနွဲ့ ကောင်းတွေကြောင့်၊ စာဖတ်ရင်း မျက်ရည်ကျရပါတယ်။ သတိ သံဝေဂတွေလည်း တော်တော်ရလိုက်ပါတယ်။ အချိန်ရရင် ဒိုင်းခင်ခင်နဲ့ ပတ်သက်လို့ ကျွန်မ ခံစားမိတာ၊ စဉ်းစားဆင်ခြင် မိတာတွေကို စာတပုဒ်ရေးဖို့ စိတ်ကူးရှိခဲ့တာကို အကောင်အထည်ဖော် ရေးလိုက်ပါတယ်။
ကျွန်မက စာအုပ်ကောင်းတွေ ဖတ်ရရင် သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖတ်လေ့ရှိပါတယ်။ ဒိုင်းခင်ခင် ၀တ္ထုကို ဖတ်ရတဲ့လူတိုင်းက ဒိုင်းခင်ခင်ဘက်ကနေ နာကျင်ခံစား ကြပါတယ်။ သီပေါမင်းက ဘုရင်ဖြစ်ပြီး၊ ယောက်ျားမပီသဘူးလို့ မှတ်ချက်ချကြပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း စဉ်းစာဥာဏ်နည်းသော ကတိသစ္စာ မတည်သော သီပေါဘုရင်ကို  အထင်ကြီးလေးစားလို့ မရပါ။ မိဖုရားမြောက်မယ်လို့ အလွယ်တကူ ကတိပေးပြီး၊ အရိုးခံ မိန်းမပျိုလေးကို အနိုင်ယူသိမ်းပိုက်တယ်။ ဘုရင်မို့ မငြင်းဆန်ရဲတာကို အခွင့်ကောင်းယူတယ်။ ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် ဘုရင်စနှစ်မှာ မိန်းမလှ ဖြစ်ရတဲ့ ဘ၀က မသက်သာပါလားလို့ တွေးမိပါတယ်။ လှပချောမောတဲ့ ဒိုင်းခင်ခင်ကို စွဲလန်းနှစ်သက်မိတဲ့ သီပေါမင်းရဲ့ ချစ်ခြင်းဟာ ရယူလိုစိတ် တခုကိုသာသိတဲ့ ချစ်ခြင်း၊ တာဝန်ယူမှုကင်းသော ချစ်ခြင်း။ ရယူလိုမှုဆန္ဒကို ရှေ့တန်းတင်ပြီး၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိမရှိခြင်း သာဖြစ်ပါတယ်။
ရက်စက်လွန်းတဲ့ စုဖုရားလတ်ကိုတော့ သီပေါမင်းအပေါ် အချစ်ကြီးတာလို့ ကျွန်မ မမြင်ပါဘူး။ အတ္တသိပ်ကြီးတာ လို့ပဲမြင်ပါတယ်။  မုန့်ကိုသာဝေစားနိုင်မယ်၊ အချစ်ကို ဝေမစားနိုင်ဘူးဆိုတာကို ကျွန်မ နားလည်လို့ ရတယ်။ တလင်တမယားစနှစ်ကို ကျင့်သုံးချင်တာကိုလည်း ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ မိန်းမသားချင်း စာနာစိတ်ကင်းမဲ့တဲ့ စုဖုရားလတ်ရဲ့ စရိုက်၊ အမအရင်းခေါက်ခေါက် အပေါ်လည်း ညှာတာစိတ်မရှိတဲ့ စရိုက်ကို စက်ဆုပ်မိပါတယ်။ ဥာဏ်ပညာနဲ့ ဆင်ခြင်နိုင်စွမ်းမရှိပဲ  နန်းတွင်းရေး တိုင်ပြည်အရေးမှာ ၀င်စွက်ဖက်ပြီး၊ အရာရာတိုင်းမှာ အတ္တကိုရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာ့သမိုင်းနဲ့ စုဖုရားလတ်ရဲ့ ရာဇ၀င်က အကျည်းတန်ခဲ့ ပါတယ်။
မြေနိမ်ရာ လှံစိုက်ကြတဲ့ အသိုက်အ၀န်းမှာ အမျိုးကောင်းသမီး ဒိုင်းခင်ခင်ရဲ့ဘ၀ မရှုမလှ ကြွေပျက်ခဲ့ရတာ ရင်နင့်စရာကောင်း ပါတယ်။ ဒိုင်းခင်ခင်က မိဖုရား ဖြစ်ရမယ်ဆိုတဲ့ သီပေါဘုရင်ရဲ့ ကတိစကားအပေါ် သာယာတပ်မက်သွားတယ်လို့ စာဖတ်သူတဦးက ကောက်ချက်ချပါတယ်။ အဲဒီခေတ်အခါက မိန်းမသားတွေ မိဖုရားဘ၀ကို မက်မောကြတာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ နန်းတွင်းသူဘ၀ကို အလိုမတူပဲ အကြောက်တရားကြောင့် လက်ခံခဲ့ရတယ်။ သီပေါမင်း ခြေတော်တင်တာကို မငြင်းရဲလို့ လိုက်လျောခဲ့ရာက သီပေါမင်းကို ချစ်ကြိုက်စွဲလန်းသွားတယ်။ နောက်ဆုံး ပြန်ရလိုက်တဲ့ အချစ်ဆုလာဒ်က စုဖုရားလတ်ရဲ့ အမျက်တော်ရှမှုကြောင့် မာယာပရိယာယ် ထောင်ချောက်ထဲက ရာဇဒါဏ်။ တနွယ်ငင် တစင်ပါ၊ အပြစ်မဲ့တဲ့ မိဘနှစ်ပါးလည်း သေဒါဏ်ရခဲ့တယ်။ ပါးစပ်ထဲကလာတဲ့ ဥပဒေနဲ့ စီရင်ချက်ချတဲ့ ရှင်ဘုရင်တွေခေတ်က အစဉ်အလာတွေကို ကျွန်မ ကြောက်ရွံ့ တုန်လှုပ်မိပါတယ်။
ချစ်သူကောင်းစားရေးကို ဦးစားပေးတဲ့ တောင်သမန်လယ်စား မောင်ဖေငယ်ကိုတော့ စာပေသမားမို့ လေးစားစိတ်ဖြစ်မိသလို

Friday, 12 September 2014

မလေးရှားလူငယ်များနှင့် ပညာရေးအခွင့်အလမ်း

လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပဲဆိုတာကို အစိုးရတိုင်း နားလည်မယ်ထင်ပါတယ်။ လူငယ်တွေရဲ့ ဘ၀ကို ပညာနဲ့မြှင့်တင်ပေးရမယ် ဆိုတာကိုလည်း မြန်မာပြည်အစိုးရ  အပါအ၀င် တိုင်းပြည်ခေါင်းဆောင် မှန်သမျှ သိကြပြီသားပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ် တကယ်စေတနာရှိတဲ့ ခေါင်းဆောင်းတွေသာ  လူငယ်တွေ အညွှန့်တလူလူနဲ့ ပညာရဲရင့် ပွဲလယ်တင့်အောင် မြေဆီကြွေး ရေလောင်းပေး ကြပါတယ်။ လက်ရှိမြန်မာပြည် ပညာရေး အခြေအနေကြည့်ရင် အမျိုးကိုအင်မတန်ချစ်သော လူကြီးမင်းများရဲ့ စေတနာကို ထင်ထင်ရှားရှား မြင်ရပါတယ်။

တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ မယှဉ်ပဲ မလေးရှားနိုင်ငံနဲ့ ယှဉ်လိုက်ရင်တောင် မြန်မာပြည် ပညာရေးက အများကြီး နောက်ကျကျန်နေပြီ။ ယခုလက်ရှိ မလေးရှားစိုးရ လက်ထက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး၊ လူမျိုးဘာသာခွဲခြားမှုနဲ့ နိုင်ငံရေးမှာ ခြစားမှုတွေ ရှိနေပေမဲ့၊ အစိုးရက တိုင်းပြည်အပေါ် စေတနာ ရှိနေတာကို တွေ့ရပါတယ်။ အစိုးရသည် ပြည်သူလူထုအကျိုးကို
 ဆောင်ရွက်ရမယ် ဆိုတဲ့စိတ်ဓာတ်  ရှိတာကိုလည်းတွေ့ ရပါတယ်။ တိုင်းပြည် အနာဂတ်   ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ လူငယ်တွေကို ပညာပြည့်ဝအောင် ထောက်ပံ့ပေးထားပါတယ်။ ယခုလက်ရှိ အခြေအနေမှာ မလေးရှားလူငယ်တွေရဲ့ ပညာရေးနဲ့  အခွင့်အလမ်းတွေကို ကျွန်မ သိမြင်မိသလောက် တင်ပြလိုပါတယ်။

မလေးရှားမှာ ကျောင်းနေအရွယ် ကလေးကိုးဆယ် ရာခိုင်နှုန်းကျော် စာသင်ကျောင်းကို ရောက်ကြပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရ မလေးရှားနိုင်ငံ စာတတ်မြောက်သူဦးရေး (၉၃) ရာခိုင်နှုန်းကျော် ရှိတယ်လို့ မလေးရှားအစိုးရက တရားဝင် ထုတ်ပြန်ကြေညာထား ပါတယ်။ ဝေးလံခေါင်ပါးတဲ့ တောရွာတွေက ဆင်းရဲတဲ့ လူအနည်းစုဟာ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်ကြဖူးလို့ ဆိုပါတယ်။ မြို့ပေါ်မှာတော့ ကလေးတိုင်းကျောင်းတက် ရပါတယ်။ မိဘကကျောင်းမထားပေးနိုင်တဲ့ ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို လူမှုရေးအဖွဲ့အစည်းတွေက စောင့်ရှောက်ပြီး ပညာသင်ပေးပါတယ်။ မလေးရှားမှာ သူတို့နိုင်ငံသား စစ်စစ်ထဲက ကလေးအလုပ်သမား မရှိပါ။ တရားမ၀င် ရောက်လာတဲ့ နိုင်ငံခြားသား ကလေးအလုပ်သမား တော့ရှိတယ်လို့ ဆိုပါတယ်။

Friday, 11 July 2014

ကွာလာလမ်ပူတခွင် ခရီးနှင်



 သွားပါများ ခရီးရောက်ဆိုသလို နိုင်ငံအနှံ့ကို ကျွန်မ မရောက်ပေမဲ့ မလေးရှားရောက် မြန်မာမိန်းကလေးတစ်ယောက် ကွာလာလမ်ပူမှာ ကျက်စားနေထိုင်ရင်း တွေ့ရတာတွေကို စမြုံ့ပြန်ပြောပြချင် ပါတယ်။ ရောက်တဲ့အရပ်မှာ ကျွန်မ ပျော်အောင်မနေတတ်ပေမဲ့ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း ကွာလမ်ပူမှာ တော်တော်လေးကို နေသားကျနေပါပြီ။ မလေးရှားရောက် မြန်မာတွေကို အရောင်အမျိုးမျိုး ပြောင်းပေးတဲ့မြို့။ ကဗျာဆရာတွေအတွက် ရေးစရာမကုန်နိုင်တဲ့မြို့။ ဒီမြို့မှာ ကျွန်မ နေခဲ့တာ ငါးနှစ်ပြည့်တော့မယ်။ ကွာလာလမ်ပူကို မရောက်ခင်က စရင်ဘန်း (Seremban) မြို့လေးမှာ နှစ်နှစ်လုပ်ခဲ့တာ ပေါင်းလိုက်ရင် မလေးရှားမှာ  ကျင်လည်နေတာ(၇)နှစ်ရှိပြီ။
 
 အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ကျီးလန့်တွေလို ထိတ်ထိတ်လန့်လန့်နဲ့ သွားလာနေ ရပါတယ်။ ကွာလာလမ်ပူကို ရန်ကုန်လိုသဘောထားပြီး သွားလာနေတဲ့ ကျွန်မ လူတိုင်းနီးပါးကြုံဖူးတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျွန်မရုံးခန်းမှာ Laptopနဲ့ လက်ကိုင်ဖုန်း အသစ်စက်စက်ကလေး အခိုးခံခဲ့ရတယ်။ မကြာသေးခင်ကပဲ ညနေအိမ်အပြန်လမ်းမှာ Laptop တစ်လုံး ထပ်ပြီးအလုခံလိုက်ရပါတယ်။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့ စကားပုံက မလေးရှားမှာ ငွေလာရှာတဲ့ မြန်မာတွေအတွက် ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ မနက်စောစော အလုပ်သွားတဲ့လမ်းမှာ အိတ်ကိုလုတာ၊ ကောင်မလေးက လွတ်မပေးပဲ ပြန်လုလို့ လည်းပင်းကို ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ မလေးရှားမှာ ဒီလို အဖြစ်ဆိုးတွေ မရေနိုင်မတွက်နိုင်။ 

ရာဇ၀တ်မှုတွေပေါပေမဲ့ စီးပွားရေးအခြေအနေ ကောင်းတဲ့ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်းတွေ အားလုံးနီးပါး ကားစီးနိုင်ကြပါတယ်။ ကား၊ ရထားတွေ အချိန်မမှန်တာကြောင့်ရယ်၊ လမ်းလျှောက်ရင် လုံခြုံမှုမရှိတာရယ်ကြောင့် တတ်နိုင်တဲ့လူတိုင်း ကိုယ်ပိုင်ကားမောင်းပြီး အလုပ်သွားကြပါတယ်။ မနက်ရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်တွေဆို ယာဉ်ကြောတွေပိတ်ပြီး ခရီးသွားရတာ အချိန်တွေ အလွန်ကြန့်ကြာပါတယ်။ ကိုယ်ပိုင်ကား မရှိတဲ့ကျွန်မကတော့ ကားမှတ်တိုင်ကို လမ်းလျှောက်၊ ရထားဘူတာကို ကားစီးသွား၊ ဆင်းတဲ့ရထားဘူတာကနေ ကားပြန်စီး၊ လမ်းလျှောက်ရတာ အချိန်ကုန်လူပင်ပန်းပြီး စိတ်ပျက်စရာတွေ မကြာခဏ ကြုံရပါတယ်။ ကားခပေးဖို့ အကြွေမဆောင်ခဲ့မိရင်တော့ ရန်ကုန်မှာလိုပဲ စပယ်ယာ ငေါက်တာခံရပါတယ်။ တခါတလေ ခရီးသယ်နဲ့ စပယ်ယာ ရန်ဖြစ်ကြတာကိုမြင်ရင် ရန်ကုန်ကို သတိရလို့ ကျွန်မ ပြုံးမိပါတယ်။ ရန်ကုန်မှာတုန်းက လိုင်းကားတိုးစီးရတဲ့ ဒုက္ခကို မမေ့သေးဘူး။

စိတ်မွန်းကြပ်စရာကောင်းတဲ့ ကွာလာလမ်ပူုမြို့မှာ မနက်စောစောလေကို ရှူပြီး လမ်းလျှောက်ရတာ စိတ်ကိုကြည်လင် စေပါတယ်။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပတ်ဝန်းကျင်နဲ့လည်း ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတာမို့ လမ်းလျှောက်ရတာကို ကျွန်မသဘောကျ ပါတယ်။ ကျွန်မ ဘယ်လောက်ထိလမ်းလျှောက်လဲဆို ပေါချောင်ကောင်း ဖိနပ်ဝယ်ရင် တစ်လထက်ပိုမစီးရဘူး။ အကောင်းစားဖိနပ်ဝယ်ရင် သုံးလထက်ပိုမစီးပါ။ ဒါပေမဲ့ အလုခံရပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းလျှောက်ရမှာကို လန့်သွားပြီမို့ အပြင်ထွက်ရမဲ့ ကိစ္စဆို တတ်နိုင်သလေက် ရှောင်နေလိုက်ပါတယ်။ စိတ်လုံခြုံမှု မရှိတော့ပဲ ခြေထောက်တွေ မရှိတော့သလို ခံစားရပါတယ်။ ဆိုင်ကယ်သမားမြင်ရင် သံသယနဲ့ ထိတ်လန့်နေရ အဖြစ်၊ လူတွေအပေါ် ယုံကြည်မှုကင်းမဲ့ နေရတဲ့အဖြစ်က အရိုးခံတောင်သူလယ်သမား၊ ရွာသားတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက် စိတ်ဒုက္ခဖြစ်ပါတယ်။ 

Saturday, 15 March 2014

အောက်ကို ငုံ့ကြည့်၍ အထက်သို့ မော့ကြည့်ခြင်း




ကျွန်မတို့ အဖေ မကြာခဏ နှစ်သိမ့်ဆုံးမဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ အပေါ်ကိုချည်း မော့မကြည်နဲ့ ကိုယ့်အောက်ကိုငုံ့ကြည်ပါ တဲ့။ မျှော်မှန်းတိုင်း မဖြစ်တဲ့ဘ၀အပေါ် အလိုမကျဖြစ်တတ်တဲ့ ကျွန်မကို လောကဓံနဲ့ သဟဇာတဖြစ်အောင် အဖေက ဖြေသိမ့်ပေးတာပါ။ ကရင်လူမျိုးပီသစွာ ရိုးသားပြီး ရောင့်ရဲတတ်တဲ့ လယ်သမား ကျွန်မတို့အဖေဟာ ဘ၀တစ်လျှောက်လုံး ပင်ပန်းဆင်းရဲခြင်း လောကဓံနဲ့ ကောင်းစွာမိတ်ဆွေဖွဲ့ သွားသူပါ။ လူ့အောက်ကျလို့ မသေနိုင်ဘူး၊ လူပိလို့မသေနိုင်ဘူး ဆိုတဲ့ဆောင်ပုဒ်က ကျွန်မတို့ အဖေ အမြဲဆောင်ထားတဲ့ ဆောင်ပုဒ်ပါ။ လူပိပြီး နလန်မထူနိုင်တဲ့ အဖေ့ဘ၀ရုပ်ပုံလွှာဟာ ကရင်များရဲ့ ဘ၀တစ်စိတ်တစ်ဒေသကို ထင်ဟပ်နေပါတယ်။

လူလူချင်း ဖိတာကို မကြိုက်တတ်တဲ့ ကျွန်မကို အဖေက သိပ်မလွှမ်းမိုးနိုင်ပါဘူး။ အဖေ့လို ကျွန်မ အားနာတတ်ပေမဲ့၊ မဟုတ်ရင်မခံတတ်တဲ့ အမေကသာ ကျွန်မဘ၀ တစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ အဖေပြောသလို ကျွန်မ အောက်ကို မကြာခဏငုံ့ကြည်ပါတယ်။ အပေါ်ကိုလည်း မော့ကြည့်မိပါတယ်။ ငယ်ငယ်က အောက်ကိုငုံ့ကြည့်ရင် အဖေတွေးသလို တွေးပြီးစိတ်ကို ဖြေသိမ့်ပါတယ်။ ကိုယ့်ထက်ဆင်းရဲ နိမ့်ကျတဲ့ သူတွေအများကြီး ရှိနေပါသေးလား၊ ကိုယ်ရထားတဲ့ ဘ၀က သူတို့တွေထက်စာရင် တော်ပါသေးတယ်ပေါ့။ အပေါ်ကို မော့ကြည့်မိရင်တော့ အပေါ်ကလူတွေကို အားကျစိတ်ဖြစ်ပြီး၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။ ငယ်ငယ်က စိတ်အားတက်ကြွနေချိန်မို့ လောကဓံကို ဘယ်တော့မှ အရှုံးမပေးဘူးလို့ စိန်ခေါ်ခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ အနိုင်ရလို့ လှောင်ပြုံးပြုံးနေတဲ့ လောကဓံကို ကျွန်မ လက်မြောက် အရှုံးပေးချင်နေပြီ။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျနိုင်တဲ့ ဘ၀မှာ နေသားကျအောင် ကြိုးစားနေရင်း အချိန်တွေကုန် အသက်တွေ ကြီးလာပြီ။ လူလတ်ပိုင်းအရွယ်ကို ရောက်လာပြီဆိုတော့ အောက်ကိုငုံ့ကြည့်ပြီး၊ အတွေးတွေက ပြောင်းသွားပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကို ရလာပြီး၊ လူဖြစ်ရကျိုးမနှပ်တဲ့ ဘ၀တွေ။ လူလိုမစားရ၊ လူလိုမနေရတဲ့ ဘ၀တွေ။ အဖြစ်သနစ်ပေါင်းစုံကို မြင်ရတိုင်း ရွှေရင်မချောင် ရွှေရင်ဆို့ရပါတယ်။ ဒီလူတွေကို ကျွန်မတို့ ဒီအတိုင်းပဲ ငုံ့ကြည့်နေရမလား။ အောက်ခြေလူတန်းစားတွေ လူနဲ့တူအောင် နေရဖို့ အပေါ်ကလူတွေမှာ တာဝန်မရှိဘူးလား။ ပြောသာပြောရတယ်၊ အပေါ်နဲ့အောက် အလှမ်းကွာဝေးလွန်းတော့ သဲသဲကွဲကွဲ မြင်ကြလိမ့်မယ်မထင်ဘူး။ 

ကျွန်မက တောသူတောင်းသားတွေနဲ့ တသားတည်းတစ်ထပ်တည်း နေထိုင်ကြီးပြင်းခဲ့သူမို့ မျက်လုံးနဲ့လည်း မြင်တယ်။ နှလုံးသားနဲ့လည်း မြင်ပါတယ်။ တနေကုန် ခါးကိုကုန်းပြီး သမန်းမြေထဲကို ကောက်ပင်တွေ စိုက်ခဲ့ဖူးတယ်။ လယ်ကန်သင်းရိုးပေါ်မှာ ကောက်စိုက်သမတွေနဲ့ အတူတူ ပဲဟင်းရည်ကို မြိန်ယှက်စွာ သောက်ခဲ့ဖူးပါတယ်။ လယ်တွေ ကိုင်းတွေ မြစ်ချောင်းတွေပေါတဲ့ ကျွန်မတို့ ဧရာဝတီတိုင်းမှာ ဆန်ကြမ်းနဲ့ ဟင်းချိုအရည်ကျဲကျဲကို သောက်ပြီး တင်းတိမ်နေရတဲ့ လူတွေရှိတယ်။ နေ့စဉ် ငရုတ်သီးဆားထောင်းနဲ့ ထမင်းမိန်နေရတဲ့လူတွေ အများကြီးရှိတယ်။ ငရုတ်သီး မ၀ယ်နိုငိတဲ့အခါ ဆားနဲ့ပဲ ပြီးသွားရတာတွေ ရှိပါတယ်။ ချက်စရာ ဆန်မရှိတဲ့အခါ ထမင်းရည် ရှာတောင်းသောက် နေရတဲ့ အဖြစ်တွေ တကယ်ရှိပါတယ်။ ကျွန်မရွာသားတွေ ဆင်းရဲတဲ့ အကြောင်းကို မကြာခဏ စာထဲထည့်ရေး ပြီးသားမို့ အကျယ်ချဲ့ မပြောလိုတော့ပါ။ ဆင်းရဲခြင်းရဲ့ အကြောင်းတွေ၊ ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်းတွေကို ကျွန်မ ဥာဏ်မှီသလောက် စဉ်းစားကြည့် မိပါတယ်။ 

တချို့က ဆင်းရဲတဲ့သူကို မသနားနဲ့လို့ ပြောကြပါတယ်။ မလိမ္မာလို့ ဆင်းရဲကြတာ၊ အလုပ်မကြိုးစားလို့ ဆင်းရဲကြတာကို သနားစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ယုတ်တိဗေဒအရ မှန်တယ်လို့ ဆိုနိုင်ပေမဲ့ လူသားဆန်ဆန် တွေးမယ်ဆိုရင် မလိမ္မာတဲ့လူကို လိမ္မာအောင် ပြုပြင်တည့်မတ်ပေး ရမှာပါ။ ဆင်းရဲတဲ့ သူတွေ အများစုဟာ အသိဥာဏ်နည်းကြတယ်။ အလုပ်ကို ရေသာခိုချင်ကြတယ်။ အသောက်အစား လောင်းကစားမှာ မွေ့လျော်ကြပါတယ်။ ဒါကြောင့်မို့ ဆင်းရဲနွမ်းပါးသူတွေကို စားစရာပေးရုံ ငွေချေးပေးရုံနဲ့ ဆင်းရဲခြင်းက လွန်မြောက်နိုင်မှာ မဟုတ်ပါဘူး။ (Life Skills) လို့ခေါ်တဲ့ ဘ၀နေထိုင်နည်းတွေ ကျွမ်းကျင်လာအောင် လူလိမ္မာ ဆိုသူတွေက ရှေ့ဆောင်လမ်းပြ ပေးရမှာပါ။ စီးပွားရေး လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူ လူတန်းစားများက အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ တန်ရာတန်ကြေး လုပ်ခရပြီး၊ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ 

လူ့ဘ၀သက်တမ်း တိုတိုလေးမှာ ကျွန်မတို့ လူအချင်းချင်း မေတ္တာထားကြပြီး၊ အားနည်းသူတွေကို ဂရုဏာစိတ်နဲ့ တွဲကူဖေးမ ကြရမယ် မဟုတ်လား။ ဒါပေမဲ့ အပေါ်ကလူတွေ အောက်ကိုငုံ့မကြည့် ကြဘူး။ တချို့က မမြင်ချင် ယောင်ဆောင်ကြတယ်။ တချို့က မျက်မှန်စိမ်းတပ်ပြီးကြည့်တော့ တကယ်အရှိကို မမြင်ကြဘူး။  အဲဒီလူတွေကို ကျွန်မမော့ ကြည့်မိပါတယ်။ မော့သာကြည့်ရတယ် ကျွန်မက အထက်တန်းလွှာမှာ နေဖူးသူ မဟုတ်တော့ အထက်တန်းစားတွေရဲ့ ဘ၀ကို  နားမလည်နိုင်တာ အမှန်။ ကျွန်မကိုယ်တိုင် အဲဒီနေရာကိုရောက်ရင် သူတို့လိုပဲဖြစ်မလား ဆိုတာတော့ တကယ်မရောက်ဖူးပဲ ပြောရခက်ပါတယ်။ နောက်ဘ၀များ အထက်တန်းလွှာမှာ လူဖြစ်ပြီး စာရေးဆရာမဖြစ်ခဲ့ရင် လူ့မလိုင်တွေအကြောင်း ကျွန်မစာတွေ ရေးချင်ပါတယ်။ ဒီဘ၀မှာ ဒီခန္ဓာတည်သရွေ့တော့ ကျွန်မရွာသားတွေအကြောင်းနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဘ၀ထဲက ထွက်လာတဲ့ စာတွေကို ရေးအားရှိသလောက် ရေးနေမှာပါ။ 

Sunday, 26 January 2014

လူချော






နှစ်တွေအတော်ကြာအောင် ပြန်မရောက်ခဲ့သော မြို့လေးထဲ တစ်ခေါက်ပြန်ရောက်ခဲ့လေပြီ။ မြို့လေးက အရင်လို နွေးနွေးထွေးထွေး မရှိတော့သလို။ ပူပြင်းခြောက်သွေ့သော နွေရာသီနှင့် လိုက်ဖက်အောင် မြို့လေးက သွေ့ခြောက် တိတ်ဆိတ်နေတော့သည်။ ဒီမြို့မှာ လူချော အထက်တန်း အောင်ခဲ့သည်။ လတ်ဆတ်တက်ကြွသော အထက်တန်းကျောင်းသား
ဘ၀က တကယ်ကို လွမ်းစရာ။ သောကြာနေ့ ညနေဆို မြို့ကနေ ရွာကိုအတူပြန်ကြသော ငယ်ပေါင်းသူငယ်ချင်းများကို လွမ်းဆွတ်မိတော့သည်။ ရွာရောက်ရင် သူတို့နှင့်တွေ့ရမည်။ 


ဆိုက်ကားမစီးပဲ ရွာကို လမ်းလျှောက်ပြန် ခဲ့သည်။ လွတ်လပ်ခြင်းတွေ အကျဉ်းချ ခံနေရသော ပတ်ဝန်းကျင်ကို ခဏထားခဲ့ပြီး၊ လူချော အမေ့ရွာကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ငယ်သူငယ်ချင်းများနှင့် စိတ်လွတ်လက်လွတ် နေရန်ကြံစည်ထားသဖြင့် ဇနီးနှင့် ကလေးများကို ခေါ်မလာခဲ့။


လွတ်လပ်ြခင်း အရသာကို လူချော အခုန်မင်ခဲ့ဆုံးအရာတစ်ခု။ လောကကောင်းကင်ပြင်မှာ တောင်ပံကို အဆုံးစွန်ထိ ဖြန်ု့ထွက်ပျံသန်းချင်ခဲ့သော လူချော၏ စိတ်ကူးများက စိတ်ကူးယဉ် ကမ္ဘာမှာပဲ ကျန်ခဲ့ပြီ။ လက်တွေ့ဘ၀မတော့ ကျစ်ကြိုးများ၊ ၀င်္ကဘာ ထောင်ခြောက်များနှင့် ရှုပ်ထွေးလှသော အသိုက်အ၀န်းတွင် ကို ကျွဲ ဖြစ်အောင် ပြောနေရသည်။ ကြာတော့ ရူးချင်သလို ဖြစ်လာသည်။ 

လယ်ကွင်းထဲက သူငယ်ချင်းများလို တွံတေးသိန်းတန် သီချင်းကို လွတ်လွတ်လပ်လပ် အော်ဆိုရသော ဘ၀ကမှ ပိုပြီးအဓိပ္ပါယ်ရှိသလို ခံစားမိသည်။ 

ဂျုံးဂျုံး ဂျုံ့ဂျုံ့ …… ဂျုံးဂျုံး ဂျုံ့ဂျုံ့……. ဂျုံးဂျုံး ဂျုံ့ဂျုံ့

စပါးအပြည့်တင်လာသော ထော်လာဂျီ ဖြတ်မောင်းသွားရာ ဖုန်တွေအလိပ်လိုက် ထကျန်ခဲ့တော့သည်။ လူချောတစ်ကိုယ်လုံး ဖုန်တွေနဲ့ ဖွေးသွား၏။ ခုမှ တကယ့် တောသား ပြန်ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ကတ္တရာလမ်းဖောက်ရန် စီမံကိန်းချခဲ့သော ကားလမ်းမသည် ယခုတိုင် ဖုန်ထူ ဗွက်ထူသော မြေသားလမ်း အဖြစ်သာ ရှိနေသည်။ ထိုစဉ်အခါက လုပ်အားပေးစနစ်ဖြင့် တစ်မြို့နယ်လုံးက ရွာသားများ၏ ချွေးများးနှင့် ဖောက်ခဲ့သောလမ်း။ ပေနှစ်ဆယ်ကျော် ကျယ်သော လမ်းမကြီးပေါ်တွင် ကတ္တရာအစား ကျောက်စရစ်ခဲများ ဟိုတစ်ဒီတစ်စ ရှိပါ၏။ နှစ်တွေကြာ၍ မြေသားကျသွားသဖြင့် လမ်းမကြီးမှာ မြင့်ရာမှနိမ့်သွားရုံကလွဲပြီး ဘာမှပြောင်းမသွားခဲ့ပေ။ မိုးရာသီတွင် ဗွက်ထူ၍ နွေရာသီတွင် ဖုန်ထူ၏။
စီမံတိုင်းမဖြစ်၊ သူ့သဘော သူဆောင်သည့် အနတ္တသဘောဟုသာ မှတ်ရတော့မလို။

လူချော ကိုယ့်အတွေးနှင့်ကိုယ် လမ်းဆက်လျှောက်ရင်း ရွာဆီမှလာသော မင်္ဂလာသီချင်းသံကို ကြားရသည်။

တူနှစ်ဖြာ…. ဂဟေဆက်…..သွေမပျက်တဲ့ မေတ္တာ……

ဘယ်သူ မင်္ဂလာဆောင်ပါလိမ့်။ ပြန်လာရင်းကြုံလို့ နွဲရချည်သေး။

ဆိုင်ကယ်နှင့်လာနေသော လူငယ်တစ်ယောက်ကို မင်္ဂလာဆောင်သတင်း မေးလိုက်မိသည်။

“ဘယ်သူမင်္ဂလာဆောင် တာလဲ ညီ”

“အော်….. ကိုလူချော ပါလား။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ မလွင်လွင်နဲ့ ကိုအောင်မောင်းတို့ မင်္ဂလာဆောင်ဗျ။”

“ဟာ..”

Wednesday, 1 January 2014

၂၀၁၄ ကို ကြိုဆိုခြင်း : မလေးရှား ကရင်နှစ်သစ်ကူးနှင့် စာပေဟောပြောပွဲ

ဒီနှစ် နှစ်သစ်မှာ ပြာသိုလဆန်း (၁)ရက်နေ့ ကရင်နှစ်သစ်ကူးနဲ့လည်းတိုက်ဆိုင်၊ စာပေဟောပြောပွဲ လည်းရှိလို့ နှစ်ပွဲလုံးနွဲပြီး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ သလေးထိုင်ခုတ်ဖူ ကောက်ဦးပေါ်သော ကရင့်နှစ်သစ်ကူးမှာ မလေးရှားရောက် ရွှေကရင်များကို စုစည်းရောက်လာကြ
 ဟောပြော ဖျော်ဖြေကြရင်း နှစ်သစ်ကိုအတူဆင်နွဲခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကို ကျော်ခဲ့ပါပြီ။ ကရင်အကျီ ရောင်စုံဝတ်ဆင်ထားကြတဲ့ ချစ်စရာရွှေကရင်တွေကို မြင်ရတာ စိတ်ချမ်းသာမိပါတယ်။ မောင်ညီမငယ်တွေ ဆိုကြကကြတာ ကြည့်ရင်းစိတ်အပန်းပြေ ခဲ့ပါတယ်။ သဘောဖြူအူစင်းလှပြီး ပျော်ပျော်နေချင်ကြတဲ့ ကျွန်မတို့ ကရင်လူမျိုးတွေ အမြဲတမ်းပျော်ရွှင် နိုင်ကြပါစေလို့ နှစ်သစ်မှာ တောင်းဆုပြုမိပါတယ်။ အဝေးရောက် ရွှေကရင်တွေ ဇွဲကပင်တောင်နဲ့ အမိမြေကို မမေ့ကြပါစေနဲ့ လို့လည်း ဆုတောင်းမိပါတယ်။

နေ့လည် (၁၂)နာရီလောက်မှာ ကိုတာရာယာမှာ ကျင်းပတဲ့ စာပေဟောပြောပွဲကို သွားခဲ့ပါတယ်။ ခန်းမထဲကိုရောက်တော့ ဆရာမဒေါ်စန်းစန်းနွဲ့(သာယာဝတီ) စတင်ဟောပြော နေပါပြီ။ အ ပြောကောင်းတဲ့ ဆရာမက (၇)နှစ်ကျော် ထောင်ကျခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ၈၈ အရေးအခင်းမှာ မတရားသော အမိန့်ဟူသမျှကို ဖီဆန်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်
ဆိုတဲ့ ဆိုင်းပုဒ်ကို သဘောတူရေးဆွဲကြရာမှ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)က ထိရှပြောင်မြောက်သော ကဗျာများကို ရွတ်ဆိုဟောပြောပါတယ်။ ဆရာနောက်ဆုံးစကားကတော့ ကျွန်မရင်ကို အထိဆုံးပါ။  
သူ့တို့ကမ်းလာတဲ့လက်ဖ၀ါးမှာ..အို ငါ့ပါးရာတွေနဲ့
ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ ဆရာ့ရင်ဘတ်က ပွင့်ထွက်လာတဲ့ စကားလုံး။ထောင်မကြောက် တန်းမကြောက် အာဏာရှင်တွေကို ကဗျာနဲ့ကလော်တုတ်ခဲ့တဲ့ ကဗျာဆရာကြီး အိုနေပါပြီ။ အိုနေပေမဲ့ အာဏာရှင်စနစ်ဆိုးကို အမြစ်မကျန်အောင် တူးထုတ်ပစ်ချင်တဲ့ ဆရာအားမာန်တွေက ကျွန်မတို့ ငယ်ရွယ်သူတွေထက် အဆမတန် သာနေပါတယ်။ ဆရာအိုတို့ လမ်းစဉ်ကို ကျွန်မတို့ ညီညီညွတ်ညွတ် လိုက်နိုင်မှ ဒီစနစ်ဆိုးကို တော်လှန်နိုင်မှာ ဖြစ်ပါတယ်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးတဲ့ ကျွန်မကတော့ ဆရာတို့ကို အားနာမိပါတယ်။

ကဗျာဆရာ ညီမင်ညိုကလည်း အပြောအဟော ကောင်းလွန်းပါတယ်။  ကြူ(၄) ကြူကောင်း၇န် အရေးကြီး ကြောင်းကို  ဆွေးနွေးပြောပြခဲ့ ပါတယ်။
ပထမ  Q - IQ ဥာဏ်ရည်မြင်ြ့ခင်း
ဒုတိယ Q- EQ စိတ်ခံစားမှု ဥာဏ်ရည်မြင့်ခြင်း
တတိယ Q- PQ ကိုယ်ကာယ ကြံ့ခိုင်ကျန်းမာခြင်း၊ ကျန်းမာအောင်နေမှ အလုပ်တွေကောင်းကောင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
စတုတ္ထ Q-SQ ဘာသာတရား ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တွေးခေါ်မြော်မြင်မှု မြင့်မားခြင်း။ မိမိယုံကြည် ဘာသာတရား၏ အဆုံးအမကို လိုက်နာကြလျှက် သူတပါး၏ ကိုးကွယ်ယုံကြည်မှုကို လေးစားတတ်မှသာ မတူညီကွဲပြားကြသူတွေ ငြိမ်းချမ်းစွာ လက်တွဲနေထိုင် ကြမှာဖြစ်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးမှိုင်းတွေမိပြီး မတည်ငြိမ်ဖြစ်နေရင်၊ တိုင်းပြည်ချောက်ကမ်းပါးသို့ မကျရောက်မှီ လက်တစ်လုံးအလိုလေးမှာ စစ်တပ်က အာဏာသိမ်းတဲ့ အခြေအနေ ပြန်ရောက်လာမှာကို စိုးရိမ်ရသဖြင့် သတိရှိကြရန် အလေးအနက် ပြောသွားပါတယ်။ တိုင်းပြည်အရေးအတွက် အပင်ပန်းခံ ပြောကြ ရေးကြတဲ့ ဆရာ ဆရာမတွေကို လေးစားအားကျမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဘာမှမလုပ်ပေးနိုင်တဲ့ ကျွန်မကတော့ မြန်မာပြည်အတွက် နှစ်သစ်ဆုတောင်းလေးပဲ တောင်းပေးပါတယ်။
ကျွန်မတို့ မြန်မာပြည် ငြိမ်းချမ်းသာယာ ပါစေ....
မိခင်နှင့်တူသော အမေစု ကျန်းမာပါစေ..
အမေစုကို ၀န်းရံကြသူတွေအားလုံးလည်း ကျန်းမာကြလို့၊ ပြောသမျှစကား ရေးသမျှစာတွေ သြဇာညောင်းနိုင်ပါစေ...
တပ်မတော်သားများအားလုံး အမြင်အာရုံတွေ ကြည်လင်ကြလို့ နှလုံးသားတွေ ပွင်းလန်းကြပါစေ။



အချိန်မရသဖြင့် စာပေဟောပြောပွဲအကြောင်း အသေးစိပ်မရေးနိုင်တာကို တောင်းပန်အပ်ပါတယ်။