အာဖရိကန် ကလေးငယ်တွေရဲ့ပုံကို ကျွန်မတို့ ငယ်ငယ်က
မြန်မာဖတ်စာအုပ်ထဲမှာ ကပ္ပလီလူမျိုးဆိုပြီး တွေ့ဖူးခဲ့ ပါတယ်။ အသားမဲမဲ နှုတ်ခမ်းလန်ပြီး
အလွန်အကျည်းတန်တယ်လို့ပဲ စိတ်ထဲမှတ်လိုက်မိ ပါတယ်။ ဒီလိုလူသားမျိုးနွယ် ဟာလည်း ချစ်စရာကောင်းတယ်လို့
မတွေးမိခဲ့တာအမှန်ပါ။ အာဖရိကတိုက်ဖွား လူများနဲ့ ကျွန်မ ရင်းနှီးကျွမ်းဝင်ရလိမ့် မယ်လို့
ထင်မှတ်မထားခဲ့ပါဘူး။ မျှော်လင့်မထားပဲ သူတို့တွေနဲ့ (၂)နှစ်ကြာ ထိတွေ့ရင်းနှီးခဲ့ရတဲ့
အတွေ့အကြုံတွေက ကျွန်မအတွက် အမှတ်ရစရာတွေ ဖြစ်နေပါတယ်။
စရင်ဘန်း(Seremban)မှာ
(၂)နှစ် အလုပ်လုပ်ပြီးတော့ ကွာလာလမ်ပူ၊ ချရတ်(စ်)က UCSI တက္ကသိုလ်မှာ ကျွန်မ အလုပ်ရခဲ့ပါတယ်။
သူနာပြုကျောင်းသူတွေကို လက်တွေ့သင်ကြား ကြီးကြပ်ရတဲ့ Clinical Instructor အလုပ်ကို
(၂)နှစ် လုပ်ခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသားတွေထဲမှာ မလေးရှားနိုင်ငံသား တွေအပြင် ထိုင်း၊တရုတ်၊ဗီယက်နမ်၊
အီရန်နဲ့ ဘော့စ၀ါးနား၊နိုင်ဂျီးရီးယား၊ကင်ညာစတဲ့ အာဖရိကန်နိုင်ငံက ကျောင်းသူ ကျောင်းသားတွေလည်း ပါပါတယ်။
နိုင်ငံတကာကလာတဲ့ ကျောင်းသားတွေထဲမှာ တမူထူးခြားတဲ့ အာဖရိကန်ကျောင်းသူ ကျောင်းသားတွေ
အကြောင်းကို ......
ကျွန်မ ပြောပြချင်ပါတယ်။
ကြုံလို့သတိပေးချင်တာ ရှိပါတယ်။ အာဖရိကန် ယောက်ျားတွေဟာ မိန်းကလေးမြင်ရင်
hello..how are you.. ဘာညာနဲ့ဝင်ရောပြီး မိတ်ဆွေဖွဲ့တတ်ပါတယ်။ အားနာပြီး စကားပြန်ပြောမိရင်တော့
နံမည်မေးမယ်၊ ဖုန်းနံပါတ် တောင်းမယ်၊ အတူလည်ဖို့ခေါ် ပါလိမ့်မယ်။ သတိထားပြီး ရှောင်ဖို့လိုပါတယ်။
ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး၊ ပြည့်ဖြိုးတဲ့ မိန်းကလေးတွေကို ပိုသဘောကျ ကြပါတယ်။
လူတိုင်းမဟုတ်ပေမဲ့ အာဖရိကန် ယောက်ျား အချို့ဟာ မိန်းကလေးတွေကို သူတို့အလိုပါအောင်
သွေးဆောင်တဲ့နေရာမှာ ကျမ်းကျေကြပါတယ်။ ယဉ်ကျေးပြီး သိက္ခာရှိတဲ့ အာဖရိကန် ပညာတတ်တွေလည်း အများကြီးရှိပါတယ်။ အပြင်ပန်းကြည့်ရင်
စိတ်ကြမ်းကိုယ်ကြမ်း နိုင်လှတဲ့ပေမဲ့ လူတယောက်မှာ ရှိနေတတ်တဲ့ အခြေခံစိတ်နေသဘောထားနဲ့
စိတ်ခံစားချက်တွေ သူတို့မှာလည်း ရှိတယ်ဆိုတာကို ကျွန်မသိမြင်နိုင်ခဲ့ပါတယ်။ အဆိုးမြင်သဘောနဲ့
ဝေဖန်မယ် ဆိုရင်တော့ သီးခံစိတ်မရှိကြဘူး၊ စိတ်ခံစားချက်ကို မထိန်းချုပ်တတ်ဘူး၊ ပေါက်ကွဲလွယ်တယ်၊
ရမ်းကားတယ်လို့ ပြောနိုင်ပါတယ်။ အကောင်းမြင်ပေးမယ် ဆိုရင်တော့ အရှိကို အရှိတိုင်း ပွင့်လင်းတယ်၊
ဟန်မဆောင်တတ်ကြဘူး လို့ပြောနိုင်ပါတယ်။ မတရားဘူးထင်ရင် တုန့်ပြန်တတ်၊ ပြန်ခံပြောတတ်တဲ့
သူတို့ရဲ့အကျင့်စရိုက်နဲ့ ပွင့်လင်းလွန်းတဲ့ သူတို့ရဲ့ ၀တ်စားဆင်ယင်မှုတွေဟာ ကျွန်မတို့
အာရှသား တွေနဲ့ဆန့်ကျင်ဖက် ဖြစ်နေပြီး မွတ်စလင်တိုင်းပြည်ဖြစ်တဲ့ မလေးရှားနိုင်ငံ ယဉ်ကျေးမှုနဲ့
ဘယ်လိုမှသဟဇာတ မဖြစ်ပါဘူး။
ကျွန်မရဲ့
ကျောင်းသူတွေလည်း မလေးရှားနိုင်ငံ ယဉ်ကျေးမှုဓလေ့တွေ သူနာပြုစည်းကမ်းဘောင်တွေနဲ့ အံဝင်ခွင်ကျ
ဖြစ်ဖို့ တော်တော်လေး အခက်တွေ့ကြပါတယ်။ဆေးရုံတွေသွားရင် ဆံပင်ကိုသပ်သပ်ရပ်ရပ် ဆံထုံးထုံး၊ ရှူးဖိနပ်စီးပြီး၊
အနည်းငယ်ပွ၍ တင်ပါးဖုံးတဲ့အထိ ခါးရှည်သော ယူနီဖောင်းကို ၀တ်ရပါတယ်။ လက်သည်းရှည်နဲ့
လက်စွပ်လက် ကောက်မှတဆင့် ရောဂါပိုးတွေ ကူးစက်ပြန့်ပွားနိုင်တာမို့ လက်ထပ်လက်စွပ်နဲ့
စေ့စပ်လက်စွပ်မှလွဲ၍ လက်စွပ်လက် ကောက် မ၀တ်ရ၊ လက်သည်းအရှည် မထားရ။ ၀တ်စုံပြည့်နဲ့ ရှိနေတဲ့အချိန်မှာ
ကို့ရို့ကားယားနိုင်လှတဲ့ နားဆွဲ၊ကလစ်၊ ဆံညှပ်တွေ မသုံးရ။ ဆေးဆိုပန်းရိုက်မျက်နှာ အပြင်အဆင်မျိုးနဲ့
ဆေးရုံကိုမသွားရ စတဲ့များပြားလှတဲ့ ပညတ်ချက် တွေကို သူတို့တွေ မလိုက်နာချင်ကြပါဘူး။
စည်းကမ်းမလိုက်နာရင် ဆေးရုံမှာ လက်တွေ့လေ့လာခွင့် မရှိဘူး၊ သင်ရိုး ညွှန်းတမ်းအတိုင်း
သတ်မှတ်ထားတဲ့ လက်တွေ့လေ့လာချိန် မပြည့်ရင် စာမေးပွဲဖြေခွင့် မရှိဘူးစတဲ့ သတ်မှတ်ချက်
တွေကြောင့် ကြိတ်မှိတ်ပြီးလိုက်နာကြ ပါတယ်။ ဒီလိုနဲ့ ဒုတိယနှစ်လောက် ရောက်လာရင်တော့
စည်းကမ်းတွေကို လိုလိုလားလား လိုက်နာလာကြပါတယ်။ အသားမဲကြပေမဲ့ UCSI ကသတ်မှတ်ထားတဲ့
အဖြူရောင် သူနာပြုကျောင်းသူ ယူနီဖောင်းကို သတ်သတ်ရပ်ရပ် ၀တ်ထားရင် အလွန်ကြည့်ကောင်းပါတယ်။
တခါတလေ ကျွန်မက မင်းတို့တွေ ယူနီဖောင်းကို စည်းကမ်းအတိုင်း ၀တ်ထားတာ အရမ်းစမတ်ကျတာပဲလို့
ချီးကျူးပြောလိုက်ရင် သူတို့အလွန်ကျေနပ် ကြပါတယ်။
UCSI
မှာ ကျွန်မရဲ့ အဓိကတာဝန်က လက်တွေ့ခန်းမှာ သွေးပေါင်ချိန်တိုင်းနည်း၊ အနာဆေးထည့်နည်းစတဲ့
အခြေခံ သူနာပြုအတတ် (Basic Nursing Skills) တွေကို စနစ်တကျနဲ့ နည်းလမ်းမှန်စွာ လုပ်တတ်အောင်
သင်ပြကြီးကြပ်ပေး ရပါတယ်။ မှားရင်ပြင်ပေး၊ လိုအပ်ရင် ပြန်ပြပေး၊ နားမလည်တာကို ရှင်းပြပေးရပါတယ်။
ရံဖန်ရံခါ ဆေးရုံတွေကို ကျောင်းသူတွေနဲ့ အတူလိုက်ပြီး ကြီးကြပ်ပေးရပါတယ်။ ဆေးရုံမှာ
ကျောင်းသူတွေက ဆေးထိုး၊ဆေးပေးရင် မမှား အောင် ဂရုစိုက်ကြီးကြပ် ရပါတယ်။ကျွန်မ သွားခဲ့တဲ့ဆေးရုံတွေကတော့
ဆာဒန်းဆေးရုံ (Hospital Serdang)နဲ့ ပူထရာဂျာရာဆေးရုံ (Putrajaya Hospital) တို့ပဲဖြစ်ပါတယ်။
ဆေးရုံက စစ္စတာတွေ၊ သူနာပြုအုပ်တွေက အာဖရိကန် ကျောင်းသူတွေကို သဘောမကျတော့ အမြဲအပြစ်ရှာကြပါတယ်။
ကြီးကျယ်တဲ့ အချို့လူနာတွေက အာဖရိကန် ကျောင်းသူတွေ ထိတာ၊ကိုင်တာ၊ ပြုစုတာကို မနှစ်မြို့ကြပါဘူး။
တချို့ကပြောင်ငြင်းတယ်။ တချို့က မကောင်းတတ်လို့ လက်ခံကြပါတယ်။ ပြောင်ငြင်းလာရင်တော့
လူနာတွေမှာ ငြင်းပိုင်ခွင့်ရှိတာမို့ ကျွန်မကျောင်းသူတွေကိုပဲ နှစ်သိမ့်ရပါ တယ်။ စိတ်ထဲတော့
တော်တော်မကောင်းပါဘူး။ အပေါ်ယံရုပ်လက္ခဏာ၊ အသားရောင်ကွဲကြပေမဲ့ လူတွေအားလုံးဟာ အတူတူပဲ
မဟုတ်ဘူးလား။
ဒီလို
အမြဲအပြစ်မြင်ခံရ၊ ခွဲခြားဆက်ဆံခံရတဲ့ အာဖရိကန် ကျောင်းသူတွေအပေါ် ကျွန်မ ဂရုဏာဖြစ်ပြီး
ချစ်တတ်သွား တယ်ထင်ပါတယ်။ တကယ်လိမ္မာရိုကျိုးတဲ့ မလေးကျောင်းသူတွေထက် အာဖရိကန် ကျောင်းသူတွေကို
ကျွန်မ စေတနာပိုခဲ့ မိပါတယ်။ တတ်နိုင်သလောက် သူတို့ဘက်က အမြဲရပ်တည် ပေးခဲ့ပါတယ်။ ဆေးရုံမှာလက်တွေ့
ဆင်းရင် နေ့စဉ်တာဝန် ချိန်မပြီးခင် တနာရီအလိုမှာ ကျောင်းသူအားလုံးနဲ့ တနေ့တာအတွေ့အကြုံ
ဆွေးနွေးကြပါတယ်။ ကျောင်းသူတွေ နားမလည်တာ သိချင်တာတွေကို ရှင်းပြပေးရပါတယ်။ တခါတလေ
ကျောင်းသူတယောက်က လူနာတယောက်အကြောင်းကို ရောဂါရာဇ၀င် ကစပြီး၊ ဆေးကုသမှု၊ သူနာပြုစူမှုအထိ
ရေးသားတင်ပြပြီး နားထောင် တဲ့ ကျောင်းသူတွေက ပြန်ဆွေးနွေးကြတာမျိုး လည်းရှိပါတယ်။ ဒီလိုလေ့လာဆွေးနွေး
ရတာမျိုးကို အာဖရိကန် ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးကြပါတယ်။
သောကြာနေ့
တညနေမှာ အဆုတ်ရောင်ရောဂါ အကြောင်းဆွေးနွေးရင်း၊ ဘော့စ၀ါးနားကျောင်းသားနဲ့ နိုင်ဂျီးရီးယား
ကျောင်းသူ အငြင်းအခုံဖြစ်ကြပြီး ရန်ဖြစ်ကြပါတယ်။ ကျွန်မ တားလို့လည်းမရဘူး။ သူတို့တွေ
စိတ်ဆိုးရင် ထိန်းချိုပ်မှု ကင်းကြပါတယ်။ ဆေးရုံရဲ့ စာသင်ခန်းငယ်ထဲမှာ ပွက်လောညံ နေပါတော့တယ်။
ကျွန်မလည်း ကျောင်းသူကို အရင် ပြန်ခိုင်းလိုက်ပြီး၊ ကျောင်းသားကိုတော့ စိတ်ဆိုးလို့
ဆူလိုက်ပါတယ်။ ကျန်တဲ့ မလေးကျောင်းသူတွေကတော့ သူတို့ကို တော်တော်စိတ်ပျက် သွားကြပါတယ်။
အသေးအမွှား ကိစ္စတော်တော်များများကို ခွင့်လွတ်ခဲ့ပေမဲ့ ရန်ဖြစ်တဲ့ကိစ္စက လွန်လွန်းတာမို့ ဌာနမှူးဆီ ကျွန်မမှတ်တမ်း
ရေးတင်လိုက်ပါတယ်။ ဌာနမှူးက သူတို့နှစ်ယောက်ကို ခေါ်တွေ့ပြီး မုန့် ဟင်းခါးကောင်းကောင်း
ကြွေးလိုက်ပါတယ်။ နောက်တခေါက် ပြန်တွေ့တော့ ကျေးဇူးရှင်တွေက သူတို့မဟုတ်တဲ့ အတိုင်းပါပဲ။
သူတို့အပေါ် ကျွန်မအမြဲ ညှာတာမှန်သိတော့ ကျွန်မကိုချစ်ခင်ကြသလို ကလေးဆိုးဆိုး ကြပါတယ်။
သူတို့ကို ကျွန်မ ပိုက်ဆံလည်း ချေးပေးခဲ့ရဖူးတယ်။ ညနေစာအတွက် ပိုက်ဆံမရှိတော့ဘူး ဆိုလို့မုန့်လည်း
ဝယ်ကျွေးခဲ့ ဖူးပါတယ်။ ကျွန်မကို သူတို့အဲဒီလို ချစ်ကြတာ။
တခါတလေ
ကျောင်းရက်ရှည်ပိတ်ပြီး ပြန်ဆုံကြရင်တော့ Hello ! Miss, long time no see, how
have you been? လို့ တီတီတာတာ နှုတ်ခွန်းဆက် တတ်ပါတယ်။ အရာရာတိုင်းကို ချိန်ခွင်လျှာညှိချင်တဲ့
လူငယ်သဘာဝ မကျေနပ်တာ ရှိရင် It’s not fair ဆိုပြီး စိတ်ဆိုးမာန်ဆိုး နဲ့ပြန်ပြောတတ်တာကို
တော်တော်လေး စိတ်ပျက်မိပါတယ်။ နောက်ပိုင်း သူတို့အထာကို ကျွန်မသိသွားပြီမို့ အကျိုးအကြောင်းနဲ့
ရှင်းပြလိုက်ရင် သူတို့ကျေနပ် လက်ခံကြပါတယ်။ တခါတလေ အချိန်ရရင် ကျွန်မ သူတို့တွေနဲ့
အေးအေးဆေးဆေး စကားပြောဖြစ်ပါတယ်။ စကားပြောရင်း အပြုသဘောဆောင်တဲ့ အတွေးအခေါ် အယူအဆလေးတွေကို
နားဝင်လက်ခံအောင် မသိမသာရိုက်သွင်း ပေးရပါတယ်။ အရာရာတိုင်းဟာ အမြဲထပ်တူညီမျှပြီး တန်းတူဖြစ်မနေနိုင်ဘူး၊
ကိုယ်ပိုင်အခွင့်အရေးတွေဟာလည်း တခါတလေမှာ တရာရာခိုင်နှုန်း အပြည့်မရနိုင်ဘူး ဆိုတာတွေကို
နားလည်လာကြပါတယ်။ ကျွန်မနဲ့တွေ့တော့ သူတို့တွေ အားနားတတ်တဲ့ အကျင့် လေးတွေရှိလာပါတယ်။
ပြောစကားနားထောင်ပြီး စည်းကမ်းလိုက်နာရင်၊ လက်တွေ့လေ့ကျင်တဲ့အခါ သူတို့တွေးတာ၊ လုပ်တာ
မှန်နေကောင်းနေရင် ချီးကျူးထောက်ခံပေးတာမျိုးကို အလွန်ကျေနပ်ကြပါတယ်။ မှားနေရင်တော့
အပြစ်မတင်ပဲ အမှန်ပြင်ပေးတာကို ပိုပြီးလက်ခံ ချင်ကြပါတယ်။ အာဖရိကန် ကျောင်းသူတွေ ထဲမှာ
တကယ့်ကို သူနာပြုဆရာမပီသပြီး သပ်သပ်ရပ်ရပ် စည်းကမ်းတကျ လိုက်နာဆောင်ရွက်တတ်တဲ့ သူတွေလည်း
ပါပါတယ်။ လူနာတွေအပေါ် ကြင်နာစာနာတတ်တဲ့ နူးညံ့တဲ့ နှလုံးသားတွေ သူတို့တွေဆီမှာလည်း
ရှိပါတယ်။
အာဖရိကတိုက်သားတွေ
အမျိုးအနွယ်ကို ချစ်ကြတာကလည်း လေးစားလောက်ပါတယ်။ ၂၀၁၀ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှာ ဘော့စ၀ါးနားကို
ပြန်သွားတဲ့ ကျောင်းသားတယောက် မလေးရှားကိုပြန်လာဖို့ လေးဆိပ်ကိုဆင်း တဲ့လမ်းမှာ အက်ဆီးဒင့်
ဖြစ်ပြီးဆုံးသွားခဲ့ ပါတယ်။ သူ့အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ကို အာဖရိကန်ကျောင်း
သားအဖွဲ့အစည်း ကျင်းပပေးပါတယ်။ အခမ်းအနားကို UCSIတက္ကသိုလ်က သူနာပြု၊ အင်ဂျင်နီယာ၊ သိပ္ပံ၊နည်းပညာ
စတဲ့ ဘာသာရပ်ပေါင်းစုံက အာဖရိကန်ကျောင်းသူ ကျောင်းသားတွေ စုရုံးတက်ရောက်ကြတာ ခန်းမကြီးတခုလုံး
ပြည့်နေပါတယ်။ နိုင်ငံသား မတူကြပေမဲ့ အာဖရိကတိုက်သား အချင်းချင်း သွေးစည်းချစ်ခင်ကြတာကို
ကျွန်မ ချီးကျူးလေးစား မိပါတယ်။ ကျွန်မတို့ အာရှသားတွေ သူတို့လို စည်းလုံးချစ်ခင် ကြပါရဲ့လား။
အာဖရိကန်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရလို့ ဖြူသောမည်းသော
အရောင်တွေအားလုံးကို ကျွန်ချစ်တတ်သွားတဲ့အတွက် UCSIမှာ (၂)နှစ်တာ အလုပ်လုပ်ခဲ့ရတာကို
ကျေးဇူးတင်မိပါတယ်။ မနက်မိုးလင်း အလုပ်သွားရင် Good morning လို့နှုတ်ဆက်တဲ့ လန်းဆန်းတက်ကြွတဲ့
ကျွန်မရဲ့ အာဖရိကန်ကျောင်းသူတွေဟာ ချစ်စရာကောင်း ပါတယ်။ ထို့အတူပဲ လူတွေအားလုံးဟာလည်း
ချစ်စရာကောင်း ပါတယ်။ သက်ရှိသတ္တ၀ါတွေထဲမှာ` လူ `ဆိုတာ
သတ်မှတ်ထား တဲ့ပညတ်တစ်ခုဖြစ်သလို ထိုင်း၊တရုတ်၊မြန်မာ၊အင်ဒီးယန်း၊ စတာတွေဟာလည်း ပညတ်တွေပါပဲ။
ရုပ်နဲ့နာမ်ပေါင်းစပ် ထားတဲ့ လူတွေအားလုံးဟာ အခြေခံအားဖြင့် အတူတူပါပဲ။ နှလုံးသားအရည်အသွေးနဲ့
ကိုယ်ကျင့် သိက္ခာတွေအပေါ် မူတည်ပြီးတော့သာ တန်ဖိုးတွေကွဲသွား ကြတာပါ။၊ အရောင်ပေါင်းစုံ
ရှိနေတဲ့ကမ္ဘာမြေပေါ်က လူတွေအားလုံး ချစ်မြတ်နိုးစိတ်စွာ အားနွဲ့သူကိုတွဲကူ၊ လဲနေသူကိုထူပေးရင်း
မေတ္တာ၊ ဂရုဏာ၊မုဒိတာ တရားတွေ ခွင့်လွတ်ခြင်း ဥပက္ခာတရားတွေနဲ့ ကမ္ဘာမြေ ငြိမ်းချမ်းရေးကို
ကျွန်မတို့လူသားတွေ စုပေါင်းတည်ဆောက် ကြဖို့လိုပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ
အပြင်စီးမဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂။
No comments:
Post a Comment