ဖိုရမ်တခုက
အမေးအဖြေလေးတခု ကျွန်မအတွေးထဲဝင်လာလို့ လေ့လာမှတ်သားမိသမျှကို ပြန်လည်ရေးသားလိုပါတယ်။
ပိုက်ဆံ ပေးနိုင်မှ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုနဲ့
ဆေးကုသမှုကို ခံယူခွင့်ရှိတယ်၊ ဆင်းရဲတဲ့ ပြည်သူတွေ ပိုက်ဆံမရှိလို့ ဆေးကုသခွင့် မရကြဘူးဆိုရင်
တရားမျှတ ပါသလားတဲ့။ ပြန်ဖြေတဲ့ ကျောင်းသူက ဒါဟာ မတရားပါဘူးတဲ့။ ပိုက်ဆံမရှိလို့ ဆေးကုသခွင့်
မရဘူးဆိုတာ လုံးဝမဖြစ်သင့် ပါဘူးတဲ့။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မ အပြည့်အ၀ထောက်ခံ
ပါတယ်။ နိုင်ငံသားတိုင်း လိုအပ်တဲ့ ဆေးကုသခွင့်ရရေးဟာ အခြေခံ လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။
လူသားဆန်တဲ့
နှလုံးသားရှိသူတိုင်းလည်း ဒီအဖြေကို သဘောတူလက်ခံ ကြပါလိမ့်မယ်။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး
အရည်အသွေးပြည့်ဝ၍ အန္တရာယ်ကင်းသော ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းတန်းတူ
ခံစားခွင့်ရှိပါတယ်။ လူတိုင်း ကျန်းမာရေးဝန်ထမ်းများရဲ့ လေးစားသမှုနဲ့ အရေးတယူပြု ဆောင်ရွက်ကုသပေးတဲ့
ဝန်ဆောင်မှုကို ရခွင့်ရှိပါတယ်။
လူတိုင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်လက်တွေကို သိခွင့်ရှိတယ်။
ရောဂါဖြစ်ရင် ဆေးကုသမှု၊ ခွဲစိပ်မှုနဲ့ပတ်သက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိခွင့်ရှိပြီး၊
သင့်တော်တဲ့ကုထုံးတွေကို လူနာကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တွေက လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်
ခွင့်ရှိပါတယ်။ လူနာနဲ့ လူနာရှင်များ ကျန်းမာရေးဗဟုသုတပြည့်စုံပြီး၊ သင့်တော်မှန်ကန်တဲ့
ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ပညာပေးလုပ်ငန်းတွေ စွမ်းဆောင်ရည် မြင့်တင်ပေးမှုတွေကို
ကျန်းမာရေးဝန်ထမ်းများက ထိထိရောက်ရောက် ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတာ
ဘာမှန်းမသိကြတဲ့ မြန်မာပြည်က ဆင်းရဲတဲ့ မိဘပြည်သူတွေ လိုအပ်တဲ့ ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်
ရှောက်မှုတွေ ရကြသလားဆိုတာ လူတိုင်းသိပြီးသားမို့ ပြောနေဖို့ မလိုတော့ပါဘူး။ ဆေးကုသမှုအတွက်
လိုအပ်တဲ့ဆေးဝါး ကိရိယာပစ္စည်းတွေ မရှိတာကြောင့်ရယ်၊ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းများရဲ့
ပေါ့လျော့မှု မကျွမ်းကျင်မှုတွေကြောင့် ပြည်သူတွေ နစ်နာ ရတဲ့အဖြစ်အပျက် ဇာတ်လမ်းမျိုးစုံကတော့
ပြောမကုန်နိုင်အောင်ပါပဲ။ ဒါတွေကို အချိန်ကုန်ခံပြီး ပြောနေ ဝေဖန်နေမဲ့အစား ဘယ်လိုပြုပြင်
ကြမလဲဆိုတာကို စဉ်းစားတာက ပိုပြီးအကျိုးများနိုင်ပါတယ်။
အဓိက
အရေးကြီးဆုံးကတော့ ကျန်းမာရေးအသုံးစရိတ်တွေကို အစိုးရက လုံလောက်အောင် ချပေးရမှာဖြစ်ပါတယ်။
အသုံးစရိတ် လို့ဆိုတဲ့နေရာမှာ ဆေးဝါးကိရိယာ၊ အဆောက်အဦး တွေအပါအ၀င် ကျန်းမာရေးဝန်ထမ်းများရဲ့
ပညာရေးနဲ့ လူနေမှုဘ၀ ဖွံ့ဖြိုးရေး အတွက် ကုန်ကျခံရင်းနှီး ဖို့လည်းလိုပါတယ်။ အထူးသဖြင့်
နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေ ကျန်းမာရေး ၀န်ထမ်းတွေကို စနစ်တကျသင်တန်းပေးပြီး၊ စဉ်ဆက်မပြတ် ပညာပေးတာတွေ
ရှိရပါမယ်။ ၀န်ထမ်းတွေရဲ့ ပညာရေးကိုမြှင့်တင် ပြီး၊ လုံလောက်တဲ့လစာ ပေးဖို့က မဖြစ်မနေ
ပြောင်းလဲရမဲ့ ကိစ္စပါ။ ၀န်းထမ်းတွေကိုယ်တိုင်က ရသင့်တဲ့အခွင့်အရေးတွေ ဆုံးရှုံး နေတော့ လူသားချင်းစာနာဖို့၊ လူ့အခွင့်အရေးကို လေးစားတတ်ဖို့
တိုက်တွန်းရင် သဘာဝမကျဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သူနာပြုနဲ့သားဖွားဆရာမများ အပါအ၀င်
ကျန်းမာရေးဝန်ထမ်းတွေအားလုံး အခြေခံလိုအပ်ချက်နဲ့ ပြည့်စုံပြီး၊ ပညာပြည့်ဝ ဖို့လို
ပါတယ်။
ပညာပြည့်ဝဖို့ဆိုတဲ့
နေရာမှာလည်း အတတ်ပညာ ကျွမ်းကျင်မှုသာမက အသိပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ လည်းလိုအပ်ပါတယ်။
လူသားအချင်းချင်း တန်ဖိုးထားတတ်မှု၊ ကိုယ်ချင်းစာတတ်မှု၊ ကျင့်ဝတ်တွေကို လေးစားလိုက်နာ
တတ်မှုတွေဟာ ကျန်းမာရေး ၀န်ထမ်းအားလုံးအတွက် အရေးကြီးပါတယ်။ လူသားဗဟိုပြု စောင့်ရှောင့်မှု
(People-Centered Care) နဲ့လျော်ညီအောင် သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်ဖို့လည်းလိုအပ်
ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အသိပညာ အတတ်ပညာတွေ ပြည့်ဝရင့် ကျက်ပြီး လူတန်းစေ့နေနိုင်တဲ့အခါ
လူသားဆန်၍ ကျင့်ဝတ်နှင့်ညီသော ကျန်းမာရေးစောင့်ရှောက်မှု (Humanity and Ethical
Healthcare) တွေပေးဖို့ တွန်းအားပေးတာတွေကို နားဝင်လက်ခံကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ
အပြောင်းအလဲတွေ ဖြစ်နေပြီမို့ မကြာတော့တဲ့ ကာလအတွင်းမှာ ကျန်းမာရေး ကဏ္ဍလည်း တိုးတက်လာမယ်လို့
မျှော်လင့်ရပါတယ်။ အစိုးရက လုံလောက်တဲ့ ကျန်းမာရေး အသုံးစရိတ်တွေချပေးလို့ ကျန်းမာရေး
စောင့်ရှောက်မှုစနစ်တွေ တိုးတက်ကောင်းမွန်လာပြီ။ ကျန်းမာရေးဝန်ထမ်းတွေက နိုင်ငံချစ်စိတ်
မျိုးချစ်စိတ်အပြည့်နဲ့ စံချိန်မှီတဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ ပေးနိုင်ပြီ။
ဆေးကုသခွင့် ကျန်းမာရေးစောင့်ရှောက်ခွင့်ကို လူတိုင်းတန်းတူခံစားခွင့် ရကြပြီဆိုရင်၊
ပြည်သူ့ကျန်းမာရေး တိုးတက်ကောင်းမွန် လာစေဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့
လိုပါတယ်။ ပြည်သူတွေပါဝင်ပြီး ဆိုင်ရာတာဝန်ယူကြမှသာ နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်ပြီး၊
ဘ၀အရည်အသွေးတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့
ပတ်သက်ပြီး ပြည်သူတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရပါမယ်။ ဆိုလိုတာက လူတိုင်းမိမိကိုယ်ကို
ကျန်းမာအောင် ဂရုစိုက်နေထိုင် တတ်ရမယ်။ ကျန်းမာရေး ဗဟုသုတရှိကြပြီး၊ ရောဂါမဖြစ်အောင်
ကြိုတင်ကာကွယ်နိုင်ရမယ်။ မိမိရဲ့ အပြုအမူဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုရင်
အဲဒီ အပြုအမူကို ရှောင်ကြဉ်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။ ဥပမာ ဆေးလိပ်သောက်ခြင်းရဲ့
ဆိုးကျိုးတွေကို သိနားလည်ပြီး၊ ဆေးလိပ်ဖြတ်နိုင်အောင် ကြိုးစားခြင်းဖြင့် မိမိရဲ့ကျန်းမာရေးကို
ကိုယ်တိုင်တာဝန်ယူ စောင့်ရှောက်ကြရပါမယ်။ ကိုယ်တိုင်က
ကျန်းမာအောင် ဂရုစိုက် နေထိုင်တတ်သွားပြီဆိုရင် မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေကို ကျန်းမာရေးလိုက်စားအောင်
စည်းရုံးတိုက်တွန်းရပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ပညာပေးလုပ်ငန်း၊
ကျန်းမာရေးမြှင့်ရေး လုပ်ငန်းတွေမှာ ရှေ့ဆောင်လမ်းပြအဖြစ် ပါဝင်ကူညီကြ ဖို့လည်းလိုအပ်ပါတယ်။
ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းရဲ့အဓိက ဦးတည်ချက်က ပြည်သူတွေ မိမိတို့ကျန်းမာရေးကို
ကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်နိုင်ခြင်းဖြင့် ကျန်းမာရေးမြှင့်တင်ဖို့ ဖြစ်ပါတယ်။
ရောဂါကုသရေးဟာ နောက်ဆုံးအဆင့် ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပါတယ်။ မရှောင်လွှဲသာလို့
ရောဂါဖြစ်လာရင်တော့ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေး ရမှာပါ။ ပြည်သူ တွေ တာဝန်သိစိတ်အပြည့်နဲ့
ကျန်းမာအောင် ဂရုစိုက်နေထိုင်ကြမယ်ဆိုရင် ဆေးကုသစရိတ်တွေ လျော့နည်းသွားမှာမို့ တိုင်းပြည်ရဲ့
ငွေယိုပေါက်တွေ နည်းသွားမှာဖြစ်ပါတယ်။ ထို့အတူပဲ ကျန်းမာတဲ့ပြည်သူတွေ ပညာတွေပိုထူးချွန်ကြပြီး၊
ကုန်ထုတ်စွမ်းအားတွေ တိုးတက်လာမှာမို့ တိုင်းပြည်စီးပွားရေး ကောင်းလာမှာဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ပြည်သူတွေက ကျန်းမာရေးကို ဂရုမစိုက်ကြဘူး၊ အနေအထိုင် အစားအသောက် မဆင်ခြင်ကြဘူးဆိုရင်
အနာရောဂါတွေ ထူပြောလာပြီး၊ ဆေးကုသစရိတ်တွေ မြင့်မားလာမှာဖြစ်ပါ တယ်။ မကျန်းမာတဲ့ လူဦးရေများလာရင်
ကုန်ထုတ်စွမ်းအားတွေ ကျဆင်းပြီး၊ ဆေးကုသစရိတ်အတွက် ငွေယိုပေါက်တွေကြီးထွား လာမှာမို့
တိုင်းပြည်စီးပွါးရေး ချွတ်ခြုံကျပြီး ဖွံ့ဖြိုးဖို့ ဝေလာဝေးလို့သာ ပြောရပါလိမ့်မယ်။
တိုင်းပြည်ဆင်းရဲနေရင် လူတိုင်းဆေးကုသ ခွင့်ရအောင် အစိုးရက ပံ့ပိုးပေးနိုင်မှာ မဟုတ်ပါဘူး။
ဖွံ့ဖြိးတိုးတက်ပြီး
လူ့အခွင့်အရေး ပြည့်ဝစွာရတဲ့ ပတ်ဝန်းကျင်မှာ နေချင်ကြတဲ့ ကျွန်မတို့တွေ တာဝန်ယူတတ်တဲ့
အကျင့်တွေရှိဖို့လို ပါတယ်။ တာဝန်မယူချင်ဘဲ အခွင့်အရေးပဲ လိုချင်လို့တော့ မဖြစ်နိုင်ပါဘူး။
လူတိုင်းကျန်းမာရေး စောင့်ရှောက်မှုကို တန်းတူခံစားခွင့် ရှိသလို၊ လူတိုင်း ကျန်းမာရေးနဲ့ ညီညွတ်သော ပတ်ဝန်းကျင်မှာ နေထိုင်ရခွင့်ရှိ ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်သော ပတ်ဝန်း ကျင်ကို ဖန်တီးဖို့အတွက်
လူတိုင်းမှာတာဝန်ရှိ ပြန်ပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းရေးကို လူတိုင်းတာဝန်ယူ ဆောင်ရွက်ကြ
ရပါမယ်။ စနစ်တကျ အမှိုက်စွန့်ခြင်း၊ ရေမြောင်းထဲ အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့်
မိမိရပ်ကွက်နဲ့ ပတ်ဝန်းကျင်မှာ ကူးစက်ရောဂါ တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အများသူငါ
သွားလာနေတဲ့ နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ပတ်ဝန်းကျင်ကလူတွေ
ဆေးလိပ်ငွေ့ကို ရှူမိပြီး ရောဂါရနိုင်တဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအသိစိတ်တွေနဲ့
ပတ်ဝန်းကျင်ကလူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ထိန်း ပေးရပါမယ်။
မိမိရဲ့အပြုအမူနဲ့
လွတ်လပ်ခွင့်အတွက် တစုံတဦးရဲ့ ကျန်းမာစွာ အသက်ရှင်နေထိုင်ရခွင့်ကိုလည်း မထိခိုက်စေသင့်
ပါဘူး။ မိမိကိုယ်ကျင့်သီလ ဖေါက်ပြန်မှုကြောင့် မိမိနဲ့ပတ်သက် ဆက်နွယ်သူအားလုံး ရောဂါတွေကူးစက်
ခံရတယ်ဆိုရင် ဒါဟာ တဖက်သားရဲ့ လူ့အခွင့်အရေးကို ဖျက်စီးပစ်လိုက်တာပါ။ အပြစ်မရှိပဲ ရောဂါခံစားရတဲ့
လူတွေအတွက် လုံးဝမတရားပါဘူး။ ဒါကြောင့်မို့ လူသားဆန်တဲ့ အသိစိတ်ဓာတ်တွေနဲ့ ကိုယ်လည်းကျန်းမာ
သူလည်း ရောဂါအန္တရာက်ကင်းအောင် ဆင်ခြင်နေထိုင် ကြရပါမယ်။
လူတိုင်းသက်တမ်းစေ့
နေနိုင်ရေး၊ လူတိုင်း ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေနိုင်ရေးအတွက် အစိုးရမှာ တာဝန်ရှိပါတယ်။
အရည် အသွေးပြည့်ဝ အန္တရာယ်ကင်းပြီး၊ ကျင့်ဝတ်နှင့်ညီသော ပြုစုကုသမှုတွေပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေမှာ
တာဝန်ရှိပါတယ်။ ကျန်းမာရေးကို ကိုယ်တိုင်တာဝန်ယူ စောင့်ရှောက်ပြီး၊ ကျန်းမာသော လူမှုပတ်ဝန်းကျင်
တည်ဆောက်ရေးအတွက် တိုင်းသူပြည် သား တဦးချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။ တာဝန်သိတတ်၍
ကျန်းမာစွာအလုပ်လုပ်သော နိုင်ငံသားများဖြင့် အနာဂတ် မြန်မာပြည်ကို ပြုပြင်တည်ဆောက်
ရမှာဖြစ်ပါတယ်။
အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၂။
No comments:
Post a Comment