Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday 1 May 2012

ပြည်သူတစ်ယောက်ရဲ့ နိုင်ငံရေး အသိ


ိုင်ငံရေး အသိဆိုလို့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေသုံးပြီး ရေးမလို့မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ် သက်ရင် ကျွန်မက မူကြိုအဆင့်တောင် မရောက်သေးပါဘူး။ အခုမှ တရေးလန့်နိုးပြီး အိပ်ချင်မူးတူးဖြစ်နေ တုန်း လို့ဆိုရင်ပိုမှန်ပါတယ်။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ လူမှုပတ်ဝန်းကျင်အကြာင်းနဲ့ ကျွန်မ တရေးနိုးလာရတဲ့ အကြောင်းကိုပဲ ပြောပြချင်တာပါ။
ိုင်ငံရေး ဆိုတဲ့စကားကို ၈၈ အရေးအခင်းမှာစပြီး ရင်းနှီးခဲ့တာပါ။ အဲဒီတုန်းက ကျွန်မ လေးတန်းပဲရှိသေး တယ်။
ကျွန်မအကိုအကြီးဆုံးက ပန်းတနော်မြို့ အထက်တန်းကျောင်းမှာ ဆယ်တန်းတက် နေပါတယ်။ အမေက ပန်းတနော်မြို့နယ်က ဒေါဝါးရွာသူမို့ အကိုနဲ့အမကို သူ့အမျိုးတွေရှိတဲ့ ပန်းတနော်မြို့မှာ အထက်တန်းတက် စေပါတယ်။ ကျွန်မတို့နေတာက အဖေ့ရွာဖြစ်တဲ့ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာပါ။ (ရွာနံမယ်က ကြောက်စရာ မကောင်းပါဘူး) အရေးအခင်းကာလမှာ ရန်ကုန်ကကျောင်းသားတချို့ နယ်မြို့တွေကို စည်းရုံးရေးဆင်းတော့ ကျွန်မအကိုလည်း ၀င်ပါ ပါတော့တယ်။ အကိုဝင်ပါမှန်းသိတော့ အမျိုးတွေက ဒေါဝါးရွာက ကျွန်မတို့အဖွားဆီ စာရေးပြီး တိုင်စာပို့လိုက်ပါတယ်။ အဖွားသိတော့ လူကြုံနဲ့ချက်ချင်း အခေါ်လွှတ်ပြီးတော့ အမေ အသဲအသန်နေမကောင်း ဖြစ်နေတယ်လို့ညာပြောပြီး၊ ရွာပြန်ဖို့ (မိုးကြိုးပစ်ရွာကို) အမိန့်ချလိုက်ပါတယ်။
အကို ရွာကိုပြန်ရောက်ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ ဘက်ကနေပြီး တက်တက်ကြွကြွ မဲဆွယ်စည်းရုံးပေး ပါတယ်။ အဲဒီတုန်းက အကိုတယောက် ခမောက်ကို ခေါင်းပေါ်ကမချပဲ စက်ဘီးတစ်စီးနဲ့ အလုပ်ကိုရှုပ်နေခဲ့ ပါတယ်။ အကိုက စာကြိုးစားလို့ ရွာသားတွေ အထင်ကြီးတဲ့ ကျောင်းသားလူငယ်ဆိုတော့ ရွာအနီးတ၀ိုက်က ကာလသားတွေ၊ လူလတ်ပိုင်းတွေကို ကောင်းကောင်း စည်းရုံးနိုင်ခဲ့ပါတယ်။ ကျွန်မ ဘာမှနားမလည်ပေမဲ့ အကိုလုပ်တာတွေကို သဘောကျခဲ့ ပါတယ်။ စိတ်ထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီနိုင်မယ်ဆိုတာ သိနေတယ်။ တကယ်လည်း ကျုံပျော်မြို့ နယ်မှာ NLD ကအပြတ်အသတ် အနိုင်ရပါတယ်။ NLD ကအနိုင်ရလို့ ပျော်မြူးတက်ကြွနေတဲ့ အကိုတို့အဖွဲ့ ကို ရွာလူကြီးတချို့က တော်တော်လေး ကြည့်မရဖြစ်ခဲ့ ပါတယ်။ အကိုဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသလဲဆိုတာ မသိပေမဲ့၊ မဲပေးဖို့ အသက်မပြည့်သေးတဲ့ကျွန်မ ဒေါ်စုကိုစိတ်ထဲက ထောက်ခံမိ ခဲ့ပါတယ်။ ဒေါ်စုကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာနဲ့ပဲ အထင်ကြီးခဲ့တာပါ။
ဗိုလ်ချုပ်ကိုတော့ ကျွန်မ မူလတန်းအရွယ် ကတည်းက လေးစားတတ်ခဲ့ ပါတယ်။ ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံဟာ အင်မတန်ခန့်ညားပြီး ကျက်သရေ တယ်လို့ခံစား ရပါ တယ်။ ဓာတ်ပုံထဲမှာပဲ တွေ့ဖူးတဲ့ ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်ရဲ့မျက်နှာကို ကျွန်မ ငယ်ငယ်ထဲက ဖတ်တတ်ခဲ့ပါတယ်။ ရွာကကျွန်မတို့ ဆရာများဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကိုသိ တတ်အောင်၊ လွတ်လပ်ရေးနဲ့ ဘိုးဘွားအမွေအနှစ်ကို ချစ်မြန်နိုးတတ်အောင်၊ ပြည်ထောင်စုကြီးနဲ့ တိုင်းရင်းသားလူမျိုး အားလုံးကို ချစ်တတ်အောင် သွန်သင်ဆုံးမ မျိုးစေ့ချပေးရမဲ့ တာဝန်တွေ မပျက်ကွက်ကြပါဘူး။ ဆရာများရဲ့ ဂုဏ်ကျေးဇူးကြောင့် မနက်ကျောင်းတက်ချိန်တိုင်း သီဆိုရတဲ့ နိုင်ငံတော်သီချင်း (ကမ္ဘာမကျေ...)ကို နှလုံးသားထဲကနေ ဆိုတတ်ခဲ့ပါတယ်။ ရွာမှာ ကရင်နဲ့ဗမာပဲရှိတော့ မမြင်ဖူးသေးတဲ့ တိုင်းရင်သားတွေကို စိတ်ကူးနဲ့ မှန်းပြီးချစ်တတ်ခဲ့ ပါတယ်။ ရန်ကုန်ရောက်မှ တိုင်းရင်းသားပေါင်းစုံနဲ့ ခင်မင်ခွင့်ရတာပါ။ တိုင်းရင်သားတွေ အားလုံးကို ချစ်ပါတယ်ဆိုပေမဲ့ ကျွန်မက ကရင်ဖြစ်နေတော့ ကရင်လူမျိုးကို ပိုချစ်တယ် လို့ ၀န်ခံချင်ပါတယ်။ ကရင်တစ်ယောက်ကို တွေ့လိုက်ရရင် ကိုယ့်ဆွေမျိုးကို တွေ့လိုက်ရသလို၊ စိတ်ထဲ အလိုလို နှစ်သက်ခင်မင်စိတ် ဖြစ်သွားပါတယ်။ ဒါက တိုင်းရင်းသားတွေမှာ ရှိတတ်တဲ့ လူမျိုးစွဲသဘာဝလေး ပါ။ ကျွန်မတို့ ကရင်တွေကို ချစ်စနိုးနဲ့ပဲဖြစ်ဖြစ်၊ နှိမ်ချင်လို့ပဲခေါ်ချင်ခေါ်၊ ကရင်ငါးပိချက်လို့ ဆိုရင်လဲ ကျွန်မက သဘောကျတာပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့ ကရင်လူမျိုးတွေရဲ့ ဘ၀ကငါးပိရည်နဲ့ စခဲ့ရတာကိုး။
ရွေးကောက်ပွဲ အကြောင်းပြောရင်းနဲ့ ကရင်လူမျိုးကို ချစ်တဲ့အကြောင်း ရောက်သွားလိုက်တာ ကျွန်မအကို အကြောင်း နဲနဲဆက်ပြောချင် ပါတယ်။ ရွေးကောက်ပွဲ ပြီးသွားတော့ NLD လည်း အာဏာမရ။ ကျောင်းတွေ ပြန်ဖွင့်တော့ ကျွန်မတို့မောင်နှမတွေ ကျောင်းပြန်တက်ကြ ပါတယ်။ အကိုက ဆယ်တန်းအောင်ပြီး စက်မှု တက္ကသိုလ် တက်လိုက်ပါသေးတယ်။ ကျောင်းပြီးအောင်တော့ မတက်ဖြစ်လိုက်ပါဘူး။ ၁၉၉၆ ခုနှစ် အရေး အခင်းမှာ နှစ်ရှည်ကျောင်းပိတ်တော့ ကျွန်မအကိုလည်း ဖရိုဖရဲဖြစ်တဲ့ အိမ်ကစီးပွားရေးနဲ့ နပန်းလုံးရင်း ရွာကအမျိုးသမီးနဲ့ အိမ်ထောင်ကျသွားလို့ ရွာမှာတောသားပဲ ပြန်လုပ်နေပါတယ်။ အကိုက တစ်ပွက်ဆူလို့ပဲ ပြောရမလား။ ၈၈ အရေးအခင်းမှာ နိုင်ငံရေးပိုးတချက် ထလိုက်ပြီး၊ ရွေးကောက်ပွဲအပြီးမှာ မီးသေသွားခဲ့ ပါတယ်။ ၁၉၉၆ အရေးအခင်းမှာ ကျောင်းတွေမပိတ်ခင် ကရင်စာပေနဲ့ယဉ်ကျေးမှု ကော်မတီ၊ တက္ကသိုလ် များ၊ ရန်ကုန်မှာ စီနီယာဖြစ်နေတဲ့ အကိုတို့အဖွဲ့က ကျောင်းသားအငယ်တွေ အရေးအခင်းထဲ ပါမသွား အောင် လူစုခွဲ၊ တချို့ကိုအိမ်ပြန်လွှတ်ပြီး ထိန်းခဲ့ကြပါသေးတယ်။ ခုချိန်ထိ အကိုက နိုင်ငံရေးနဲ့ပတ်သက် ရင် တုပ်တုပ်ကို မလှုပ်တော့ပါဘူး။
အကိုကမှ တစ်ပွက်ဆူခဲ့သေးတယ်။ ကျွန်မက တစ်ပွက်မှ မဆူခဲ့ပါဘူး။ မဆူဆို ကျွန်မက ရှေးဆန်တဲ့အမေ ရဲ့ထိန်းကွပ်မှုအောက်မှာ ကြီးပြင်းခဲ့ရတာ။ အမေ အမြဲတမ်း သြ၀ါဒပေးတဲ့ စကားက`ကိုယ်လုပ်မှ ကိုယ်စား ရမှာ` တဲ့။ အမေ့ရဲ့ ကိုယ့်အားကိုယ်ကိုး အိမ်ရှင်မအတွေးက မှန်တော့မှန်နေတာပဲ။ အမေ့သမီးပီပီ ကျွန်မ လည်း ကျောင်းသူအတွေးပဲ တွေးခဲ့ပါတယ်။ စာကြိုးစားမှ စာမေးပွဲအောင်မယ်၊ ပထမရမယ်ပေါ့။ ကြံကြံ ဖန်ဖန် အမေပြောပြတဲ့ ရှေးလူကြီးတွေရဲ့စကားကို ကျွန်မ ပြန်ပြီးဖေါက်သယ်ချ ချင်ပါတယ်။ `ယောက်ျားနဲ့ မိန်းမ မယှဉ်အပ်၊ အစိုးရနဲ့ ပြည်သူ မယှဉ်အပ်` တဲ့။ အင်အားမရှိတဲ့ ပြည်သူတွေ အာဏာရှင်အစိုးရကို တော်လှန်ရင် နိုင်မှာမဟုတ်တဲ့အတွက် မယှဉ်အပ်ဘူးလို့ ဆိုပါတယ်။ အရေးအခင်းတိုင်းမှာလည်း အစိုးရ တွေက လက်နက်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် ခဲ့တာကိုး။ ဒီတော့ အေးအေးဆေးဆေး နေချင်ကြတဲ့ တောသူတောင်သားတွေ အစိုးရကိုစိန်ခေါ်ဖို့၊ အသက်စွန့်ပြီး အခွင့်အရေးတွေတောင်းဆိုဖို့ ဘယ်လိုစိတ်ကူး ရှိကြမှာလဲ။ ဒီပတ်ဝန်းကျင်မှာ ကျွန်မက အသက် ၁၈နှစ်ထိ နေသားကျခဲ့တာ။
ဆယ်တန်းအောင်ပြီး ကျွန်မရောက်ခဲ့တာကလည်း သူနာပြုတက္ကသိုလ်။ ၁၉၉၆ နိုဝင်ဘာလမှာ ကျွန်မ ကျောင်းစတက်ပါတယ်။ ဒီဇင်ဘာလမှာ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်တွေ အားလုံးပိတ်လိုက် ပါတယ်။ မပိတ်ပဲကျန်နေတဲ့ သူနာပြုတက္ကသိုလ်ကို တချို့က မကြည် ကြပါဘူး။ ဆန္ဒပြတဲ့အထဲ မပါဘူး။ အစိုးဘက် ပါတယ်ပေါ့။ တကယ်တော့ကျွန်မတို့က ကြောက်လို့မပါတာ။ အမှားအမှန်လည်း မခွဲခြားတတ်သေးဘူး။ တချို့သူငယ်ချင်းတွေကတော့ သူတို့မိဘ အကိုအမတွေက ၀န်ထမ်းတွေ၊ စစ်ဗိုလ်တွေဆိုတော့ အရေးယူခံရမှာစိုးလို့  ငြိမ်နေကြတာ။ တချို့ကျတော့လည်း ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ အမေ့လိုအတွေးမျိုးနဲ့ အေးအေးနေကြတာပါ။ အေးအေးဆေးဆေး ကျောင်းပြီးအောင် တက်မှ သူနာပြုအလုပ်နဲ့ ရပ်တည်နိုင်မယ်ပေါ့။ သူနာပြုလောကကို ချစ်မြတ်နိုးကြတဲ့ ဆရာကြီး၊ဆရာမကြီး တွေဟာ သူနာပြုတွေရဲ့ ပညာရေးကိုတိုးတက် စေချင်လွန်းလို့ သူနာပြုတက္ကသိုလ်ကို ကြိုးစားတည်ထောင် ခဲ့ကြတာပါ။ အရှိန်ရခါစလေးပဲရှိသေးတာမို့ ကျောင်းပိတ်သွားလို့ မျိုးဆက်ပြတ်သွားမှာကို အရမ်းစိုးရိမ်ကြ ပါတယ်။ ကျောင်းသားဦးရေက ထောင်မကျော်ဘူး၊ ၉၀%ကျော်က မိန်းကလေးတွေဆိုတော့ အားလုံးကို ငြိမ်ဝပ်အောင် ထိန်းနိုင်ခဲ့ကြတာပါ။
၁၉၉၉ မှာ ကျောင်းတွေပြန်ဖွင့်တော့ ကျွန်မတို့အပတ်စဉ်က နောက်ဆုံးနှစ်ရောက်နေပြီ။ မြကျွန်းညိုညို တက္ကသိုလ်ဆိုတာ ကျွန်မတို့နဲ့ဘာမှ မဆိုင်ခဲ့ပါဘူး။ သူနာပြုတက္ကသိုလ်က အင်းလျားကန်တို့၊ သစ်ပုပ်ပင် တို့နဲ့ဝေးရာ မြို့လယ်ခေါင်မှာ။ ကျွန်မတို့ ကျင်လည်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူဘ၀က စည်းကမ်းဘောင် တွေနဲ့ ထိန်းကွပ်ထားတဲ့ စာသင်ခန်း၊ လက်တွေ့ခန်း၊ စာကြည့်တိုက်နဲ့ လေးနှစ်စာ ကုတင်တစ်လုံး အပိုင်ရ ထားတဲ့အဆောင်။ practical ဆင်းတော့ ရန်ကုန်ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနဲ့ ကလေးဆေးရုံ။ ဆေးရုံတွေသွားတဲ့အခါ ဆရာဝန်ကြီးငယ်တွေ၊ သူနာပြုဆရာမ အကြီးအငယ်တွေကြားမှာ ကျွန်မတို့ သူနာပြုတက္ကသိုလ်ကျောင်းသူတွေက တကယ့်နင်းပြားတွေပါ။ စီနီယာအမတစ်ယောက်ဆိုရင် စိတ်နာနာနဲ့ ဘာပြောလည်းဆိုတော့။ YGH (Yangon General Hospital)လို့ခေါ်တဲ့ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု ကျောင်းသူတွေက အဆင့်အနိမ့်ဆုံး၊ စီးထားတဲ့ဖိနပ်အောက်က မြေကြီးတဲ့။ အေးရော။ တခါတလေ လူနာ တွေကတောင် ကျွန်မတို့ကို ပြန်သနားကြသေးတယ်။ ကျွန်မတို့တွေ ကုန်းကောက်စရာ မကျန်အောင် စိတ်ဓါတ်တွေကျ ခဲ့ကြပါတယ်။ နင်းပြားဘ၀နဲ့ သင်ယူခဲ့ရတဲ့ သူနာပြုအတတ်ပညာဟာ ဘယ်သူ့ကိုမှ အားကိုးစရာမလိုပဲ ကိုယ့်ဘ၀ကိုယ်ရပ်တည်နိုင်ဖို့တော့ အာမံချက်အပြည့်ရှိ ပါတယ်။ ဘယ်နိုင်ငံ ရောက်ရောက် သူနာပြုအလုပ်နဲ့ ငွေရှာနိုင်တယ်။ တကယ်စေတနာ မေတ္တာထားနိုင်မယ်ဆိုရင် မွန်မြတ်တဲ့ အလုပ်ပါ။
ကျောင်းပြီးလို့ တစ်နှစ်ကြာတော့ ကျွန်မအစိုးရ၀န်ထမ်း ဖြစ်လာခဲ့ပါတယ်။ အစိုးရ၀န်ထမ်းဆိုရင် ပါတီနိုင်ငံ ရေးကင်းရှင်းရတာမို့ ကိုယ်လုပ်ရမဲ့အလုပ်ကိုပဲ တာဝန်ကျေအောင်လုပ် ခဲ့ပါတယ်။ တခါတလေတော့ ဟိုအ ရေးဒီအရေးတွေအကြောင်း အတင်းပြောမိကြပါတယ်။ ယောသူ အမတစ်ယောက်နဲ့လညှ်း ခင်ပါတယ်။ သူပြောပြတဲ့ အထက်အညာက လူကြီးမိဘတွေရဲ့စကားပါ။ `အတိတ်ဘ၀က မကောင်းခဲ့လို့ ဒီဘ၀ မင်းဆိုးမင်းညစ်တွေရဲ့ လက်အောက်မှာ လူလာဖြစ်ရတာ` လို့ နှလုံးသွင်းကြပါသတဲ့။ ဒါလည်းမှန်တာပဲလို့ ကျွန်မတွေးမိပါတယ်။ နှလုံးသားကို တရားဓမ္မနဲ့ စိမ်ထားတဲ့သူတွေ မတရားတာတွေ့လည်း သီးခံနေကြ မှာပါ။ ကျွန်မလည်း အထက်လူကြီးအချို့ကို (တရားပြည့်ဝလို့ မဟုတ်ပါ) မနိုင်လို့သီးခံခဲ့ရ တာတွေရှိပါ တယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အကျင့်စာရိတ္တတွေ ဆုတ်ယုတ်ပျက်စီး နေတာတွေကို ဘ၀င်မကျပေမဲ့ အများနည်းတူ ကြားနေတယ်လို့ပဲ ပြောရမလား။ မဆိုင်သလို နေခဲ့ပါတယ်။ အစိုးရ၀န်ထမ်း ဘ၀နဲ့ လေးနှစ်ကျော်နေခဲ့ပြီး၊ ကျွန်မရှေ့ဆက်မရပ်တည် နိုင်တော့တာမို့ အသပြာငွေအတွက် နိုင်ငံခြား ရောက်ခဲ့ပါတယ်။
၂၀၀၇ မှာကျွန်မ မလေးရှားကိုရောက် ပါတယ်။  သံဃာ့အရေးအခင်း ဖြစ်ပြီးတဲ့အထိလည်း ကျွန်မအိပ်ပျော် နေတုန်းပါ။ မြန်မာပြည်ကို နာဂစ် ၀င်လာတော့မှပဲ ကျွန်မတကယ်လန့်ဖြန့် နိုးသွားတာပါ။ မြန်မာ့ရာဇ၀င်မှာ တခါမှ မဖြစ်ခဲ့ဖူးတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးက မြန်မာလူမျိုးတွေရဲ့ အသဲနှလုံးကို ဆွဲကိုင်လှုပ်ရမ်း လိုက်တာပါပဲ။ ကျွန်မ တော်တော်တုန်လှုပ် သွားပါတယ်။ မြန်မာပြည်မှာ သူတော်ကောင်းတရားတွေ ပြန်ပြီး ပြန့်ပွားဝေဆာလာအောင် ကျွန်မတို့ အလုပ်တွေ လုပ်ရတော့မယ်ဆိုတဲ့ အသိတွေဝင်လာပါတယ်။ မြန်မာ့ သမိုင်း တခေတ်ပြောင်းစေဖို့ အင်တာနက်ကွန်ယက်တွေက အင်မတန်ကို ကျေးဇူးပြုပါတယ်။ အီးမေးတွေ ကနေတဆင့် သတင်းပေးနှိုးဆော်မှုတွေကြောင့် အသိတွေပွင့်လင်းလာပြီး၊ အရင်က မတွေးမိတာတွေ တွေးတတ်လာပါတယ်။ မြန်မာဘလော့ဂ်တွေ၊ နိုင်ငံရေးလုမှုရေး ၀က်(ဖ)ဆိုက်တွေကို ၀င်ပြီးစာတွေဖတ် ရတော့မှ၊ အမှန်အတိုင်း ရေးသားဖော်ထုတ်ခွင့်မရတဲ့ မြန်မာပြည်မှာနေတုန်းက ကျွန်မဟာ ဘာမှမသိတဲ့ တကယ့်ငတုံးပါလားဆိုတာ သဘောပေါက်သွားပါတယ်။
လမ်းသစ်ဂျာနယ်မှာ ဖော်ပြပေးတဲ့ RFA မှ လူထုနဲ့ ဒေါ်အောင် ဆန်းစုကြည် (အမေးအဖြေ) အစီအစဉ်ကို စိတ်ဝင်စားလို့ အမြဲဖတ်ဖြစ်ပါတယ်။ `လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှ ပါတီနိုင်ငံရေးလုပ်မှ  နိုင်ငံရေးမဟုတ်ပါ ဘူး၊ တိုင်းပြည်ရဲ့အရေး မှန်သမျှဟာ နိုင်ငံရေးပါပဲ` လို့ပြောတဲ့ ဒေါ်စုရဲ့ အဖြေစကားကို ကျွန်မတော်တော် သဘောကျပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတဲ့ ကျွန်မ ပါတီဝင်ရလောက်အောင် ဘာမှမလုပ်တတ် ဘူး။ လမ်းပေါ်ထွက်ဖို့လည်း ကျွန်မသတ္တိမရှိဘူး။ ကျွန်မလုပ်တတ်တာဆိုလို့ သူနာပြုအလုပ်တခု ပဲရှိတာ။ ဒီတော့ သူနာပြုဆရာမအတွေးပဲ တွေးကြည့်လိုက်ပါတယ်။ သူနာပြုအတတ်ပညာနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြမယ်။ သူနာပြုပညာရပ်တွေ ပိုပြီးဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးစားကြလို့၊ ထူးချွန်ထက်မြက်တဲ့ သူနာပြုမျိုးဆက်သစ်တွေကို  မွေးထုတ်လေ့ကျင့် ပေးမယ်။ ဒါဆိုရင် ပြည်သူ့ကျန်းမာရေး တိုးတက်လာပြီး၊ ကျန်းမာကြံ့ခိုင်တဲ့ လူ့အရင်းအမြစ်တွေ တိုးပွါးလာ မယ်ပေါ့။ ဒီစိတ်ကူးတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်ဖို့အတွက် ပညာပြည့်ဝပြီး၊ အတွေ့အကြုံတွေ များများစုဆောင်းရမယ်။ တဖက်ကလည်း ၀ါသနာအရ စာတွေများများဖတ်ပြီး၊ စာတို ပေစလေးတွေ ရေးမယ်ပေါ့။ ဒါတွေက ကျွန်မတရေးနိုးပြီး အကြံပေါ်လာတဲ့ စိတ်ကူးတွေပါ။
တခြားအလုပ် လုပ်နေတဲ့သူတွေလည်း ဆိုင်ရာအတွေး တွေးလို့ရပါတယ်။ စားသောက်ဆိုင်မှာလုပ်ရင် စား သောက်ဆိုင်အတွေးပေါ့။ ရိုးရိုးသားသား အလုပ်ကြိုးစားကြပြီး ချွေတာစုဆောင်းကြမယ်။ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ သိဖို့လိုအပ်တာတွေကို အချိန်ရှိခိုက်လုံ့လစိုက်ပြီး သင်ယူမယ်။ အခွင့်သာ လို့ မြန်မာပြည်ပြန်ကြတဲ့အခါ ကိုယ်ပိုင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုပြီးတော့ပဲဖြစ်ဖြစ် စားသောက်ဆိုင် ကောင်းကောင်းဖွင့်မယ်ပေါ့။ အောက်ခြေကစလို့ သပ်သပ်ရပ်ရပ်နဲ့ အလေအလွင့်မရှိအောင် စီမံခန့်ခွဲ ကြမယ်။ အမြတ်အစွန်းများလာလို့ လုပ်ငန်းအောင်မြင်လာရင် လုပ်ငန်းတွေချဲ့မယ်။ ၀န်ထမ်းတွေကို စည်း ကမ်းကျအောင် လေ့ကျင့်ပျိုးထောင်ပေးမယ်၊ လိုအပ်သလိုကူညီပံ့ပိုးမယ်၊ သူတို့သားသမီးတွေရဲ့ပညာရေး ကို ထောက်ပံ့ပေးမယ် စသဖြင့်ပေါ့။ ထမင်းတနပ်ကို ဘယ်လိုရအောင်လုပ်ရသလဲ ဆိုတာကိုလက်တွေ့ နား လည်ကြတဲ့ အခြေခံလူတန်းစားတွေဆီက ပေါက်ဖွားလာတဲ့ ပညာတတ်လူငယ်တွေဟာ တိုင်းပြည်အတွက် အဖိုးတန်ရတနာတွေပါ။
စက်ရုံအလုပ်ရုံတွေမှာ လုပ်နေကြတဲ့ ကျွန်မတို့ရွာသားတွေဆီမှာလည်း ပိုးကောင်းတဲ့စိတ်ကူး ကိုယ်စီရှိကြ မှာပါ။ ကျွန်မတို့တွေ သမိုင်းရဲ့ဒဏ်ကို အလူးအလဲခံကြရလို့ ဘ၀တွေလည်း နာခဲ့ကြပြီ။ မျက်ရည်တွေ ချောင်းစီးလို့ မာနတွေလည်း ချိုးဖဲ့ခံရပြီးပြီ။ ဒါကြောင့်မို့ နေမြင့်မွန်းလွဲတဲ့အထိ ဆက်အိပ်မနေကြတော့ပဲ စောစောစီးစီး နိုးထကြပါစို့။ ဘ၀ပေးအသိတွေကို နိုင်ငံရေးအသိနဲ့ပေါင်းစပ်ပြီး ဆန်းသစ်လတ်ဆတ်တဲ့ စိတ်ကူးတွေနဲ့ နိုးကြားတက်ကြွစွာ အနာဂတ်ကို အတူတူလျှောက်လှမ်းကြပါစို့လို့ သွေးရင်းသားချင်း စိတ် ဓာတ်နဲ့ တိုက်တွန်းလိုက်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ

စံပယ်ဖြူ

အပြင်စီး မဂ္ဂဇင်း၊ ဧပြီလ ၂၀၁၂။






No comments:

Post a Comment