မိမိကိုယ်ကိုချစ်ကြတယ် ဆိုတာလူသားတွေ အခြေခံသဘာဝလေးပါပဲ။ ကျွန်မတို့လူသားတွေ မိမိကိုယ်ကိုဘယ်ပုံ ဘယ်နည်းချစ်ကြတဲ့ နည်းလမ်းတွေကတော့ တယောက်နဲ့တယောက် မတူညီကွဲပြားကြပြန်တယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးစိတ်နဲ့ လူသားဆန်စွာ မိမိကိုယ်ကိုချစ်ကြတဲ့သူရှိသလို အတ္တမာန်မာနတွေနဲ့ တကိုယ်ကောင်းဆန်စွာ မိမိ ကိုယ်ကိုချစ်ကြသူတွေ ရှိတတ်ကြတာဟာလည်း လောကရဲ့သဘာဝလို့ဆိုရပါမယ်။ တိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ် ဆိုတာ အဲဒီမိမိကိုယ်ကိုချစ်ကြတဲ့စိတ်က စရပါလိမ့်မယ်လို့ ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်က နည်းပြဆရာ တယောက်ပြောခဲ့တာကို မှတ်သားခဲ့ဖူးပါတယ်။
ကျွန်မသူနာပြုတက္ကသိုလ်၊ ရန်ကုန်မှာတာဝန်ကျတုန်းက တက္ကသိုလ်ဆရာ၊ ဆရာမများ အထူးမွန်းမံသင်တန်း ဆိုပြီး ဖောင်ကြီးမှာ သင်တန်း(၁)လ တက်ရပါတယ်။ ပျော်သလားဆိုရင် နည်းနည်းတော့ပျော်ပါတယ်။ ကျောင်းသူ ဘ၀တုန်းကလေးနှစ်လုံးလုံး အဆောင်ထမင်းဟင်းကိုစားခဲ့တဲ့ ကျွန်မတို့အတွက် ဖောင်ကြီးကချက်ကျွေးတဲ့ ထမင်း ဟင်းကိုစားလို့ဖြစ်ပါတယ်။ ဘဲသားဟင်းကလွဲရင်ပါ။ ၀န်ထမ်းတွေအများကြီးကို ချက်ကျွေးရတဲ့ကုန်ကျစရိတ် သက် သာအောင် ဖောင်ကြီးတက္ကသိုလ်ဝင်းထဲမှာ ဘဲမွေးကန်ထားပြီး တပတ်ကို နှစ်နှပ်သုံးနှပ်လောက် ဘဲသားဟင်းချက် ကျွေးပါတယ်။အစပိုင်းကတော့ အမွှေးပြောင်အောင် နှုတ်မထားတဲ့ ဘဲသား ဟင်းကိုပဲစိတ်ပျက်တာပါ။ နောက်ပိုင်း ကျတော့ ကျွန်မတို့ညနေပိုင်း လမ်းလျှောက်ထွက်ကြတုန်း နောက်နေ့မနက် ချက်ဖို့ဘဲတွေဖမ်းနေတာကို မြင်လိုက် ရတာမို့ မနက်ရောက်တော့ အဲဒီဘဲသားဟင်းကို ဘယ်လိုမှစားလို့မ၀င်တော့ ဘူးဖြစ်ခဲ့ရပါတယ်။ ဒါကအသေးအမွှား ကိစ္စလေးပါ။
ဖောင်ကြီးသင်တန်းဆိုတာ အင်မတန်စည်းကမ်းကောင်းပြီး ၀န်ထမ်းကောင်းတွေဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာ လို့ကြားဖူးခဲ့ပါတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ကြမဲ့ လူငယ်တိုင်းဖောင်ကြီးလို သင်တန်းမျိုးတက်သင့်တယ်လို့ ရန်ကုန်တက္ကသိုလ်က ကထိကဆရာမ တစ်ယောက်ပြောဖူးတာကိုလည်း မှတ်မိပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဝန် ထမ်းဖြစ်တဲ့ခေတ်မှာ တက်လိုက်ရတဲ့ ဖောင်ကြီးသင်တန်းကတော့ အထင်ကြီးထားတာနဲ့ တခြားစီပါပဲ။ကြီးကြပ်သူ ၀န်ထမ်းတွေက တာဝန်ကျေပေမဲ့ တက္ကသိုလ်ပေါင်းစုံက လာကြတဲ့ကျူတာမမတွေ (လူတိုင်းမဟုတ်ပေမဲ့) တော်တော် များများစည်းကမ်းမလိုက်နာ ကြပါဘူး။ ဘွဲ့လွန်ဒီဂရီတွေ၊ ပါရဂူဘွဲ့တွေရထားကြတဲ့ ပညာတတ်ပါ တယ်ဆိုတဲ့မမတွေက ဖောင်ကြီးကတာဝန်ရှိ ၀န်ထမ်းတွေကို မလေးစားချင်ကြပါဘူး။ သာမန်ဘွဲ့လောက်ပဲ ရထား တဲ့ တပ်ကြပ်ဝန်ထမ်းတွေ ဒုနည်းပြ၀န်ထမ်းတွေရဲ့ အမိန့်ကိုနာခံစရာမလိုဘူး ဆိုတဲ့တလွဲမာနတွေကြောင့် ဖောင်ကြီးသင်တန်းရဲ့ စည်းကမ်းတွေဟာ တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် အံဝင်ခွင်ကြမဖြစ်ခဲ့ပါဘူး။
ကျွန်မတို့သင်တန်းတက်တဲ့အချိန်က ဆောင်းရာသီဖြစ်ပြီး ဖောင်ကြီးက ရာသီဥတုကလည်းကြမ်းတော့ အရမ်းချမ်း ပါတယ်။ ချမ်းချမ်းစီးစီးနဲ့ မနက်စောစောထပြီး ကာယလေ့ကျင့်ခန်းလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် မနက်စာကော်ဖီနဲ့မုန့်စားပြီး သင်တန်းခန်းမကို ၀တ်စုံပြည့်နဲ့ ချီတက်ရပါတယ်။သင်တန်းမှာ ပို့ချတဲ့ အကြောင်းအရာတွေကတော့လား ၀န်ကြီးဌာနအသီးသီးရဲ့ အခန်းကဏ္ဍနဲ့ ဆောင်ရွက်ချက်တွေ၊ ဒို့တာဝန် အရေးသုံးပါးခေါင်းစဉ်နဲ့ ဟောပြောချက်တွေမို့ ဘယ်သူမှစိတ်မ၀င်စားကြပါဘူး။ မှတ်သားစရာဆိုလို့ ရန်ကုန်တက္က သိုလ်က ကထိကတွေလာပို့ချတဲ့ စီမံခန့်ခွဲမှုပညာနဲ့ ဥပဒေပညာတို့ပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီလိုသင်တန်းမျိုး မှာ နိုင်ငံရေးသိပ္ပံနဲ့ လူမှုရေးသိပ္ပံလိုဘာသာရပ်တွေ ပို့ချသင့်တယ်လို့ထင်ပါတယ်။
သင်တန်းတရက်မှာ ဒုဝန်ကြီးတပါး မလာဖြစ်တာလား နောက်ကျနေတာလား မမှတ်မိတော့ပါဘူး။ သင်တန်းသား တွေငြိမ်အောင် ပွဲဝင်ထိန်းတဲ့အနေနဲ့ နည်းပြဆရာတစ်ယောက် သင်တန်းစတိတ်စင်ပေါ်ကိုတက်လာပြီး ဆွေးနွေး တဲ့ပုံစံမျိုးနဲ့ စကားတက်ပြောပါတယ်။ လူတွေရဲ့ အခြေခံသဘာဝလေးတွေကို မြင်တတ်အောင် ပြောပြထောက်ပြ တာစိတ်ဝင်စားစရာ ကောင်းပါတယ်။ လူ့သဘာဝနဲ့ နိုင်ငံရေးသဘောတရားတွေကို တွေးခေါ်စဉ်းစားတတ်အောင် ပညာသားပါပါ ပြောပြသွားပါတယ်။ လူတွေဟာ ကိုယ့်ကိုကိုယ်ပဲချစ်ကြတယ် အတ္တကြီးကြတယ်ပေါ့။ တိုင်းပြည်ချစ် စိတ်ဆိုတာ အဲဒီမိမိကိုယ်ကိုချစ်တဲ့ စိတ်ကလေးကနေပဲ ဖြစ်လာတာပါတဲ့။ ဟာသလေးနှောပြီး အရှိကိုအရှိတိုင်း ပြောပြတဲ့နည်းပြဆရာ ရဲ့စကားကိုတော့ သင်တန်းသားအားလုံး စိတ်ဝင်တစားရှိကြ ပါတယ်။ ခင်စရာကောင်းတဲ့ ဆရာ့နံမည်ကိုတော့ မမှတ်မှိတော့ပါဘူး။ ဆရာက ဖော်ရွေတဲ့အပြုံးနဲ့ လူတိုင်းကိုလေးလေးစားစား ဆက်ဆံတတ် တာကိုတော့ မှတ်မိနေပါတယ်။ ခပ်ရိုးရိုးနေတတ်တဲ့ ဆရာဟာ ဖောင်ကြီးတက္ကသိုလ်ရဲ့ နည်းပြပီပီ စည်းကမ်းရှိပြီး ယဉ်ကျေးပါတယ်။ မြန်မာပြည်မှာ ဆရာ့လိုဝန်ထမ်းကောင်းတွေ ရှိနေပါသေးတယ်။ လုံလောက်တဲ့လစာရကြပြီး၊ အခြေခံလိုအပ်ချက် တွေပြည့်စုံကြမယ်ဆိုရင် ၀န်ထမ်းကောင်းတွေ အများကြီးတိုးလာမှာပါ။
မိမိကိုယ်ကိုချစ်တဲ့စိတ်ကနေ တိုင်းပြည်ချစ်စိတ်ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာလေးကို စဉ်းစားကြည့်ရအောင်ပါ။ မိမိကိုယ်ကိုချစ်ပါတယ်ဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် ပြုပြင်တည်ဆောက်ရပါလိမ့်မယ်။ မိမိချစ်တဲ့ကိုယ်ကို သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်စေဖို့ ကိုယ်ကျင့်သီလပြည့်စုံပြီး ဖြောင့်မတ်တည်ကြည် ဖို့လည်းလိုအပ်ပါတယ်။ မိမိကိုယ်ကိုချစ်ပါတယ်၊ တန်ဖိုးထားပါတယ်ဆိုရင် လူကောင်းလူတော် လူရည်ချွန်ဖြစ်အောင်လည်း ကြိုးစားသင့် ပါတယ်။ ပညာရှိတွေသတ်မှတ်ထားတဲ့ လူရည်ချွန်ဆိုတာ စည်းကမ်းသေ၀ပ်သူ၊ တာဝန်သိတတ်စွာ အများအကျိုး သယ်ပိုးထမ်းဆောင်သူ၊ ရိုးသားဖြောင့်မတ်သောသူမျိုးကို ဆိုလိုပါတယ်။ ဒီလို မိမိကိုယ်ကို ကောင်းအောင်၊ လူရည်ချွန်ဖြစ်အောင် လေ့ကျင့်ထားတဲ့လူတယောက်ဟာ တိုင်းပြည်နဲ့လူမျိုးကို မချစ်ပဲကိုနေနိုင်မှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ပြည့်စုံအောင်၊ အခြေအနေတစ်ခုမှာ ရပ်တည်နိုင်အောင် ကြိုးစားကြရင်းနဲ့ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးသားချင်းများ ကူညီဖေးမခြင်း၊ မိမိတာဝန်ယူလုပ်ကိုင်နေတဲ့ အလုပ်ကိုစေတနာ မေတ္တာဖြင့်ဆောင်ရွက်ပေး ခြင်း၊ မိမိနေထိုင်တဲ့ ရပ်ကွက်မြို့ရွာကို ကောင်းအောင်ဆောင်ရွက်ခြင်း စတဲ့မွန်မြတ်တဲ့ ပရဟိတစိတ်ရှိသူတွေဟာ တိုင်းပြည်ကိုချစ်တဲ့ သူတွေပါ။ ဒါက မိမိကိုယ်ကိုချစ်တဲ့စိတ်ကြောင့် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း မိမိမြို့ရွာ တိုင်းပြည်ကို ကောင်းအောင်ကြိုးစားချင်စိတ်၊ အမျိုးကိုချစ်တဲ့စိတ်တွေ ဖြစ်လာတတ်တဲ့သဘောတရားပါ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချစ်နိုင်ကြမယ်ဆိုရင်တော့ ကမ္ဘာကြီးကိုပါ ချစ်ကြရမှာပါ။
နောက်တချက်က (Feeling of Inclusion) ပါ။ ကျွန်မတို့တွေ မိမိနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်၊ မိမိပါဝင်နေတဲ့ အဖွဲ့အစည်းကို ချစ်မြတ်နိုးတတ်ကြတာ လူသားရဲ့မွေးရာပါဗီဇ တခုပါ။ ဆိုပါစို့-ကျွန်မတို့ဆယ်တန်း အောင်လို့ ရန်ကုန်မှာ တက္ကသိုလ်တက်တော့ အနယ်နယ်အရပ်ရပ်ကလာတဲ့ သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရ ကြတယ်။ ဧရာဝတီတိုင်းကလာတဲ့ သူငယ်ချင်းတွေက အချင်းချင်းအလိုလို သွေးနီးကြသလို၊ မန္တလေးနဲ့အညာက လာတဲ့သူငယ်ချင်းတွေက ဓလေ့တူချင်းမို့ အစေးကပ်လွယ်ကြပါတယ်။ ကိုယ့်နယ်သားချင်းရိုင်းပင်းကြတယ်၊ ကာကွယ်ပေးကြတယ်ဆိုတာ ချစ်စရာကောင်းတဲ့စိတ်ရင်းတွေပါ။ တက္ကသိုလ်များ၊ ရန်ကုန်မှာ ကျုံပျော်အသင်း၊ ပုသိမ်အသင်း စတဲ့အသင်းအဖွဲ့တွေနဲ့ ခင်ခင်မင်မင်စုစုစည်းစည်းရှိကြတာ ချစ်ခြင်းမေတ္တာ နယ်ပယ်တိုးပွါးကျယ်ပြန့် စေတဲ့ အခြေခံလေးတွေပါ။ ထို့အတူပဲ ကျွန်မတို့ကရင် ကျောင်းသားကျောင်းသူများက ကရင်စာပေယဉ်ကျေးမှု အသင်း၊ အခြားတိုင်းရင်းသားများဖြစ်တဲ့ ရှမ်း၊ကချင်၊မွန်၊ရခိုင် စတဲ့တိုင်းရင်းသားတွေကလည်း အသင်းအဖွဲ့ အသီး သီးဖွဲ့ပြီး တိုင်းရင်းသားမောင်နှမ အချင်းချင်းစည်းလုံးညီညွတ်စွာ လူမှုရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ကြတာဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရှေ့ပြေးတွေပဲဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တမြို့တည်းသားမို့ချစ်ကြ တယ်၊ တနယ်တည်းသားတွေချစ်ကြတယ်၊ တိုင်းရင်းသားမျိုးနွယ်တူလို့ ချစ်ကြတယ်ဆိုတာ မိမိကိုယ်ကိုချစ်ရင်းနဲ့ မိမိပါဝင်ဆက်နွယ်နေတဲ့ လူ့အဖွဲ့အစည်းကို ချစ်တတ်လာခြင်းသဘောပါပဲ။
ဒီလိုဆိုရင် မတူညီကွဲပြားကြသူများ မချစ်ကြဘူးလား။ သိပ်ချစ်ကြတာပေါ့။ တက္ကသိုလ်တခုမှာ နယ်ပေါင်းစုံက တိုင်းရင်းသားပေါင်းစုံ လာပြီးပညာသင်ယူ ကြတယ်။ အချိန်ကာလတခုအတွင်းမှာ တယောက်အကြောင်း တယောက် သိနားလည်ကြပြီး ရင်းနှီးချစ်ခင်သွားတတ်ကြ ပါတယ်။ အချင်းချင်း အပြန်အလှန် အမှီအခိုပြု အကူ အညီတွေပေးကြရင်း အချိန်ကြာလာတာနဲ့အမျှ ညီအကိုရင်း ညီအမရင်းတွေလို ချစ်သွားပါတယ်။ ဘယ်လိုပဲ အတ္တဆန်တဲ့သူ၊ တကိုယ်ကောင်းဆန်တဲ့သူ ဖြစ်ပါစေ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တာ သဘာဝပါ။ အဲဒီတော့ သူငယ်ချင်းတွေ ကိုယ့်ကိုခင်အောင် သင့်မြတ်အောင် လိုက်လျောညီထွေ နေကြရပါတယ်။ အနိုင်ယူတဲ့အခါရှိသလို အလျှော့ပေးအနစ်နာခံရတာမျိုးလည်း ရှိလာရပါတယ်။ ဒီလိုနဲ့ တမိုးအောက်မှာအတူ ပညာသင်ကြသူတွေ ချစ်ခင်ကြင်နာလာကြတာကလည်း လူတွေရဲ့သဘာဝလေးပါ။
ကိုယ့်ကိုကိုယ်ချစ်ကြသလို ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းကိုချစ်တတ်သလို တမြေတည်းနေ တရေတည်း သောက်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံးကို ချစ်တတ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ကို မြင်နိုင်ကြမှာပါ။ ပြည်ထောင်စုကြီးကို ရင်ထဲနှလုံးသားထဲက ချစ်နိုင်ကြဖို့အတွက်ကိုတော့ အခြေအနေ အကြောင်းတရား တွေဖန်တီးပေးဖို့လိုပါမယ်ထင်ပါတယ်။ သာတူညီမျှ တန်းတူအခွင့်အရေးရကြပြီး၊ ဖိနှိပ်ချုပ်ချယ် မှုကင်းမှသာ မိမိတို့သည် မြန်မာပြည်ဖွားတိုင်းရင်းသားတွေမို့ တသွေးတည်းတသားတည်းဆိုတဲ့ စိတ်ခံစားမှု (Feeling of inclusion) ရှိကြမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ လူမျိုးစုတစုအပေါ် ဖိနှိပ်အနိုင်ကျင့်မယ်၊ ကိုယ့်နဲ့မတူ အယူအဆ ကွဲပြားနေသူတွေကို နှိပ်ကွပ်မယ် ခွဲခြားဆက်ဆံမယ်ဆိုရင် မိမိတို့ကသီးခြားဖြစ်နေခြင်း၊ ခွဲထွက်လွတ် မြောက်လိုခြင်း (Feeling of exclusion) တွေကြောင့် သွေးစည်းညီညွတ်စွာနဲ့ တိုင်းပြည်ကို ချစ်နိုင်ကြမှာမဟုတ် ပါဘူး။
လူတိုင်း လူမျိုးစုတိုင်းမှာ အားနည်းချက်တွေရှိတတ်ကြသလို ချစ်စရာဓလေ့တွေရှိနေ ပါတယ်။ ချစ်တတ်တဲ့ နှလုံးသားကြီးကြီးထားပြီး အားနည်းချက်ကို ဖြည့်မြင်တတ်ကြမယ်၊ ချစ်စရာဓလေ့စရိုက်တွေကို လေးစားမြတ် နိုးတတ် ကြမယ်ဆိုရင် ဘာသာလူမျိုး အသားအရောင် မတူညီကွဲပြားကြသူများ အတူတကွ ညီညွတ်စွာ နေထိုင်ခြင်း (Unity in Diversity) ဖြင့် ငြိမ်းချမ်းသော ရွှေပြည်သစ်ဆီကို ရောက်နိုင်ကြမှာပါဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
(စံပယ်ဖြူ)
No comments:
Post a Comment