Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday, 4 October 2011

စာအုပ်စာပေ

မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားကို ဆယ်တန်းသင်တဲ့ ဆရာတယောက်ဆီက စကြားဖူးခဲ့တာပါ။ စာမဖတ်တဲ့သူများဟာ စာပေတွေရဲ့အကျိုးကျေးဇူးကို သိခွင့်မရသလို စာပေတွေကပေးတဲ့ အသိပညာဗဟုသုတ တွေကို ဘ၀အတွက်အသုံးချခွင့်မရကြတာ အင်မတန်ရှုံးပါတယ်။ စာအုပ်ကြိုက်တဲ့သူများကတော့ စာပေတွေက ပေးတဲ့ နှလုံးသားအာဟာရနဲ့ ဘ၀အတွက်အားဆေးတွေကို အရသာသိသိဖော်ထုတ်မှီဝဲခွင့် ရကြတာကြောင့် အမြတ်ထွက်ကြပါတယ်။စာအုပ်စာပေတွေဟာ လူတွေကို အသိပညာဗဟုသုတပေးပြီး ထိန်းကျောင်းပဲ့ပြင်ပေးတဲ့ ဆရာနဲ့တူသလို ၀မ်းနည်းအားငယ်ချိန်မှာ ဖြေသိမ့်ပေးပြီး၊ ငြီးငွေ့ချိန်မှာအပျင်းပြေစေတဲ့ မိတ်ဆွေသူငယ်ချင်း ကောင်းနဲ့လည်း တူပါတယ်။
ကျွန်မအတွက်တော့ စာအုပ်တွေဟာ မရှိလို့မဖြစ်တဲ့အဖော်တွေပါ။ စာပေတွေရဲ့ကျေး ဇူးကြောင့်သာမဟုတ်ရင် ခါးသီးသွေ့ခြောက်လှတဲ့ ကျွန်မဘ၀ကိုတည့်မတ်စွာ ရပ်တည်နိုင်ခဲ့မယ်မထင်ဘူး။

ကျွန်မဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အထိ ကျောင်းစာကလွဲပြီး အပြင်စာတွေသိပ်မဖတ်ဖြစ်ခဲ့ပါးဘူး။ ရွှေသွေးစာ စောင်၊ မိုးသောက်ပန်းစာစောင်နဲ့ ရုပ်ပြ၀တ္တုအနည်းငယ်လောက်သာ ဖတ်ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းဖြေပြီးတော့ သူနာပြုတက္ကသိုလ်မတက်ခင် တစ်နှစ်ခွဲလောက် အမေ့ကိုအိမ်အလုပ်တွေကူရင်း အားတဲ့အချိန်မှာ ကျွန်မစာတွေ ဖတ်ဖြစ်ခဲ့ပါတယ်။ ကျုံပျော်အိမ်က ကျောင်းဆရာကိုညွန့်သောင်းရဲ့ ကျွန်းသေတ္တာထဲက စာအုပ်တွေကိုယူဖတ်ရင်း စာအုပ်ကြိုက်တတ်သွားတာပါ။ မြို့ကိုမရောက်ဖြစ်တဲ့ အချိန်တွေဆိုရင်တော့ ရွာကစာအုပ်အငှားဆိုင်မှာ ငှားဖတ်ရ ပါတယ်။ ရွာမှာစာအုပ်မစုံပေမဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ နွမ်ဂျာသိုင်းတို့ရေးတဲ့ ၀တ္ထုတွေရှိပါတယ်။ မဂ္ဂဇင်း ဆိုရင် အပျိုစင်၊ရွှေအောင်လံ၊ ကလျာ၊ မဟေသီ အဟောင်းတွေရှိပါတယ်။ အငှားဆိုင်က အမကတော့ မဖတ်ရ သေးရင်အသစ်ပေါ့လို့ ပြောရှာပါတယ်။ သူ့စာအုပ်အဟောင်းတွေထဲက ကျွန်မ မသိသေးတဲ့အကြောင်းအရာ တွေဟာ ဆယ်ကျော်သက်အရွယ် ကျွန်မအတွက် အများကြီးအကျိုးကျေးဇူး ဖြစ်ခဲ့ပါတယ်။

သူနာပြုတက္ကသိုလ်ရောက်တော့ စာအုပ်ကြိုက်တဲ့သူငယ်ချင်းများကြောင့် စာပိုဖတ်ဖြစ်ခဲ့ပါတယ်။ စာပေဗိမာန် အသင်းဝင်ဖြစ်ခဲ့ပြီး လစဉ်ထုတ်ပေးတဲ့ စာပေဗိမာန်စာမူဆုရ စာအုပ်ကောင်းတွေကို ဖတ်ခဲ့ရပါတယ်။ စာကြည့် တိုက်ကစာအုပ်များနဲ့ သူငယ်ချင်းတွေယူလာတဲ့ စာအုပ်မျိုးစုံကိုလည်း ဖတ်ခဲ့ရပါတယ်။ ဘာသာရေးစာအုပ်တွေ ကိုတော့ အဘိဓမ္မာသင်တန်းတက်တော့မှ စပြီးဖတ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ကရင်    ကျောင်းသားကျောင်းသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကရင်စာပေနှင့် ယဉ်ကျေးမှကော်မတီမှာလည်း ကျွန်မတို့ ကရင်သူငယ်ချင်းတွေ တက်ကြွစွာပါဝင်ခဲ့ပါတယ်။ ကျွန်မတို့အသင်းဝင်တွေအားလုံးဟာ တယောက်နဲ့တယောက် ညီအကိုမောင်နှမအရင်းတွေလို ချစ်ခင်ကြပါတယ်။ ကျွန်မအဘိဓမ္မာသင်တန်းတက်မှန်းသိတော့ ကရင်အသင်း ထဲကကျောင်းသားဟောင်း ကိုဖိုးမောင်က တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသရေးတဲ့ ကိုယ်ကျင့် အဘိဓမ္မာစာအုပ်ကို လက်ဆောင်ပေးပါတယ်။ ကိုမန်းထွန်းသန်း(ကိုမန်းကြီး)ကတော့ မလေးငြိမ်ရဲ့ အဆင့်မြင့်ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးများ စာအုပ်ကိုလက်ဆောင်ပေးပြီး ဓမ္မရံသီ၊ဓမ္မရတနာမဂ္ဂဇင်းကို လစဉ်ဝယ်ပေးခဲ့ပါတယ်။ ကျေးဇူးကြီးတဲ့ အကိုတွေပါ။

ဆရာတော်ကြီး အရှင်ဇနကဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်ဟာ အသိမကြွယ်သေးတဲ့ လူငယ်တွေဖတ်သင့် တဲ့စာအုပ်ပါ။ အဘိဓမ္မာသဘောကိုအခြေခံပြီး လူတိုင်းထားရှိအပ်တဲ့ စိတ်နေသဘောထားနဲ့ ကျင့်ကြံအားနေထိုင် နည်းတွေကို လိုက်နာချင်စိတ်ဖြစ်အောင် ရေးသားဆုံးမထားတဲ့ ဆရာတော်ကြီးရဲ့ စေတနာကိုလေးစားကြည်ညို စိတ်ဖြစ်ရပါတယ်။ ဓမ္မရံသီ၊ဓမ္မရတနာမဂ္ဂဇင်းတွေမှာတော့ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကိုဦးစားရေးထားတာမို့ ဘာသာရေးဗဟုသုတ နည်းသေးတဲ့ကျွန်မအတွက် မှန်ကန်တဲ့အသိအမြင် တွေရခဲ့ပါ တယ်။ မြန်မာဗုဒ္ဓဘာသာတွေ လွဲမှားစွာကျင့်သုံးနေတဲ့ နတ်ကိုးကွယ်မှုတွေ၊ ဗေဒင်ယတြာနဲ့ ဓာတ်ရိုက်ဓာတ်ဆင် အတတ်တွေ၊ အခြားမှားယွင်းနေတဲ့ အယူအဆတွေအကြောင်းကိုလည်း မှတ်သားသိခဲ့ရပါတယ်။

မလေးငြိမ်ရဲ့ အဆင့်မြင့်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဆိုတဲ့ စာအုပ်ကိုတော့အဆောင်က သူငယ်ချင်းတွေအားလုံး ကြိုက်ကြပါတယ်။ ဘုရားရှင်လက်ထက်က ဧတဒဂ်ရအမျိုးသမီးများအကြောင်းကို ရသမြောက်တဲ့ ၀တ္ထုဇာတ်လမ်း အဖြစ်ဖန်တီးပြီး လူငယ်တွေဖတ်ချင်အောင် ဆွဲဆောင်ရေးထားသားတဲ့ မလေးငြိမ်ရဲ့စေတနာနဲ့ စာရေးခြင်း အတတ်ပညာကိုချီးကျူးလေးစား မိပါတယ်။ သူ့စာအုပ်ဖတ်ပြီးတော့ သာမာဝတီတို့၊ဥတ္တရာတို့လို အဆင့်မမြင့်နိုင် ရင်တောင် သီလလုံပြီးစိတ်ထားဖြူစင်တဲ့ မိန်းမမြတ်တယောက်ဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ် မျိုးမဖတ် ဖြစ်ခဲ့ရင် ဒ်ီလိုစိတ်ဖြစ်ဖို့ မသေချာလှပါဘူး။

ကျောင်းပြီးလို့ ဟင်္သာတသူနာပြုသင်တန်းကျောင်းမှာ ဒုနည်းပြလုပ်တော့ အစိုးရလစာ (၅၀၀၀)ကျပ်နဲ့ ကျွန်မသုံး လို့မလောက်ပါဘူး။ အပြင်ဆေးခန်းမှာ အချိန်ပိုင်းလုပ်ပြီးကျွန်မရပ်တည်ခဲ့ ပါတယ်။ အလုပ်နှစ်ခုလုပ်လို့ရတဲ့ဝင်ငွေ ဟာ ကျွန်မအတွက်မပိုလျှံပေမဲ့ အချိန်တွေတော့ပိုနေခဲ့ပါတယ်။ ညနေအလုပ်ပြီးလို့ ချက်ပြုတ်စားသောက်ပြီးရင် အိပ်ရာဝင်ချိန်အထိ တီဗီကြည့်ခြင်း၊ စာဖတ်ခြင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။ စနေတနင်္ဂနွေပိတ်ရက်တွေမှာ ရွာမပြန်ဖြစ၊် ခရီးမသွားဖြစ်ရင် စိတ်ကြိုက်စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေခဲ့တဲ့အချိန်တွေကို ပြန်လွမ်းမိပါရဲ့။ ဟင်္သာတဆေးရုံကြီး နားက စာအုပ်အငှားဆိုင်မှာ စာအုပ်တွေတော်တော်စုံပါတယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေဆိုရင် အသစ်ထွက်တာနဲ့ ဆိုင်ပေါ်ရောက်နေပြီ။ ကျွန်မအသဲစွဲစာအုပ်တွေကတော့ ငြိမ်းချမ်းရေးဆရာကြီး ဒဂုန်တာရာရဲ့ `မေ`၊ ရွှေဥဒေါင်း ဘာသာပြန်တဲ့ `ကိုယ်ရံတော်`၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်`၊ ခင်နှင်းယုရဲ့ `ဥသြတွန်တဲ့လရာသီ`၊ ဂျာနယ်ကျော်မမလေးရဲ့ `မုန်း၍မဟူ` တို့ဖြစ်ပါတယ်။ အဲဒီစာအုပ်မျိုးတွေဟာ ရသပေးရုံ သက်သက်မဟုတ်ပဲ ရင့်ကျက်တဲ့အတွေးအခေါ်တွေပေးပြီး လောကသဘာဝကို သိနားလည်စေပါတယ်။

ဟင်္သာတမှာ(၂)နှစ်နီးပါးနေပြီး (၂၀၀၃)ခုနှစ်မှာ မိခင်သူနာပြုတက္ကသိုလ်၊ ရန်ကုန်ကို ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်ရောက်တော့ ၀န်ထမ်းတွေကိုဆန်မထုတ်ပေးတော့ပဲ ဆန်းဖိုး(၅၀၀၀)ကျပ်ပေးတာကြောင့် စုစုပေါင်း လစာကျပ် (၁၀၀၀၀)ရပါတယ်။ အစစအရာရာ ဈေးကြီးတဲ့ရန်ကုန်မှာ ငွေတစ်သောင်းနဲ့ဘယ်လိုမှ မလောက်ပါဘူး။ သောကဖိစီးမှုဒါဏ်ကို ကြံ့ကြံ့ခံရင်း လေဖြတ်ခံလိုက်ရတဲ့ အမေ့အတွက်ဆေးဖိုးနဲ့ အာဟာရတွေထောက်ပံ့ဖို့လည်း လိုနေတာကြောင့် အပြင်ဆေးခန်းမှာ ညဂျူတီဆင်းပြီး ကျွန်မအပိုဝင်ငွေရှာ ခဲ့ရပါတယ်။ (၂)နှစ်လောက် နေ့ရော ညပါ အလုပ်လုပ်ခဲ့ရတဲ့ကျွန်မ စာအုပ်တွေနဲ့ဝေးခဲ့ရပါတယ်။ အိပ်ကောင်းခြင်းမအိပ်ခဲ့ရပဲ လူတစ်ယောက်ရဲ့ အခွင့် အရေးတွေဆုံးရှုံးခဲ့ရတဲ့ အဲဒီတုန်းက ခါးသက်သက်နေ့ညတွေကိုတော့ ကျွန်မပြန်မလွမ်းချင်ပါဘူး။ ဘာဖြစ်လို့များ အစိုးရ၀န်ထမ်းလုပ်လဲလို့မေးရင်တော့ မဟာဘွဲ့တွေပါရဂူဘွဲ့တွေယူပြီး ကထိကပါမောက္ခဖြစ်ချင်ခဲ့တဲ့ လက်တွေ့ မဆန်တဲ့ကျွန်မရဲ့ ရည်မှန်းချက်တွေကြောင့်ပါ။ အဲဒီရည်မှန်းချက်ကြောင့် နောက်ဆုံးအချိန်ရောက်မှ ဘ၀ကိုအရှုံး ပေးသွားရှာတဲ့အမေ့ကို ကျွန်မတာဝန်ကျေအောင် မပြုစုနိုင်ခဲ့ပါဘူး။

လက်တွေ့သဘောကို အရှိကိုအရှိတိုင်း သိနားလည်တဲ့အချိန်ရောက်တော့ ကျောင်းသူတွေနဲ့ပျော်နေရတဲ့ဘ၀ ကျွန်မမြတ်နိုးတဲ့နည်းပြဘ၀ကို စွန့်လွှတ်ပြီး မလေးရှားကိုရောက်လာခဲ့ပါတယ်။ မလေးရှုားမှာနေရတာ ရန်ကုန်မှာ လိုမပျော်ပါဘူး။ ကြုံလိုက်ရတဲ့လောကဓံကလည်း တုန်လှုပ်စရာပါ။ နာကျင်ခံခက်ဝေဒနာတွေနဲ့ လောကအပေါ် အဆိုးမြင်နေတဲ့အချိန်မှာ ရွာကအဖေ ရုတ်တရက်ဆုံးပါးခဲ့ပါတယ်။ အဖေဆုံးပြီးတော့ ဖြေရှင်းရတဲ့ကိစ္စတွေနဲ့ ကျွန်မတို့မောင်နှမတစု သင်ခန်းစာတွေတော်တော် ရလိုက်ပါတယ်။ ကြုံလာသမျှကို ခံနိုင်ရည်ရှိအောင် ကျွန်မ တရားတော်တွေကို တတ်နိုင်သလောက် နှလုံးသွင်းခဲ့ပါတယ်။ အမြဲဆောင်ထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်၊ ဆရာတော်ဦးဇောတိကရဲ့စာအုပ်၊ အရှင်ဆန္ဒာဓိရဲ့စာအုပ်တွေ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ပိုက်ဆံမနှမျောတော့ပဲ မြန်မာဆိုင်ကစာအုပ်တွေဝယ်ဖတ်ပြီး၊ တရားတွေများများနာခဲ့ပါတယ်။ စာအုပ်စာပေတွေ တရားတော်တွေနဲ့ အထိအတွေ့များသွားမှပဲ ကျွန်မနေသာထိုင်သာ ပြန်ဖြစ်သွားပါတယ်။ ခုဆိုရင်ကျွန်မ စာမဖတ်ရရင်မနေနိုင်တော့ ပါဘူး။ မနက်မိုးလင်းရင် ကော်ဖီသောက်ချင်သလို ညရောက်ရင်စာဖတ်ချင်တဲ့ အာသာဆန္ဒဖြစ်လာပါတယ်။

စာအုပ်တော်တော်များများကို အလွယ်တကူဖတ်နိုင်အောင် အင်တာနက်ပေါ်တင်ပေးထားတာ ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ ချို၊ချဉ်၊ဖန်၊စပ် အရသာစုံလင်လှတဲ့ စာပေဟင်းအိုးကို လူတိုင်းခပ်ယူစားသုံးစေချင် မိပါတယ်။ ခေတ်အဆက်ဆက်က စာရေးဆရာများရဲ့ ဘ၀အတွေ့အကြုံတွေ၊ သူတို့လေ့လာဆည်းပူးခဲ့တဲ့ အသိပညာဗဟု သုတတွေကို စေတနာမေတ္တာတွေနဲ့ ပေါင်းစပ်ပြီးရေးသားထားတဲ့ စာပေတွေဟာ အန္တရာယ်ကင်းဘေးရှင်းလို့ ကျန်းမာရေးကောင်းစေတဲ့ အားဆေးတွေပါ။ အသိအမြင်ချင်းဖလှယ်ကြတဲ့ အင်တာနက်ဖိုရမ်တွေမှာလည်း စာများ များဖတ်ကြဖို့ တိုက်တွန်းထားတာတွေကို တွေ့ရပါတယ်။ တချို့ကတော့ စာပေအရည်အသွေးတွေကျဆင်းသွားပြီး၊ စာပေတော်တော်များများဟာ အခြေခံလူတန်းစားတွေနဲ့ ကင်းကွာနေတယ်လို့ ဝေဖန်ထားတာကိုလည်း တွေ့ ရပါ တယ်။ ဒီအချက်ကို စာရေးသူစာဖတ်သူတွေ သတိပြုစေချင်လို့ ပြန်လည်ဖော်ပြပေးတာပါ။

တချို့သောစာတွေဟာ အရည်အသွေးကျဆင်း နေပါလိမ့်မယ်။ အချို့တက်ကျမ်းတွေဟာလည်း အခြေခံလူတန်း စားတွေနဲ့ ကင်းကွာနေပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ကိုအရည်အသွေးပြည့်ဝတဲ့ စာပေတွေ၊ အခြေခံလူတန်းစား နဲ့ကင်းကွာမနေတဲ့ မြန်မာစာပေတွေ အများကြီးရှိနေသေးတာတော့ သေချာပါတယ်။ ဥပမာ- ကြယ်နီရဲ့`ကိုတံငါ`၊ နန္ဒစိုး(ဆင်ဖြူကျွန်း) ရေးတဲ့ ၀တ္ထုတိုတွေဟာ ဆင်းရဲသားအောက်ခြေလူတန်းစားတွေရဲ့ ဘ၀ကိုသရုပ်ဖော်ထားတဲ့ အဖိုးတန်စာပေတွေပါ။ ဒီလိုစာပေမျိုးတွေ အခြေခံလူတန်းစားတွေဆီ ရောက်ဖို့ကိုတော့ ကျွန်မတို့ဖြည့်ဆည်းပေးဖို့ လိုနေသေးတဲ့ ကွက်လပ်တွေပါ။ ရွာတွေမှာ စာအုပ်ကောင်းကောင်း မရှိတာတော့အမှန်ပါပဲ။ တချို့ရွာတွေမှာဆို စာဖတ်ဖို့မဆိုထားနဲ့ စာမတတ်တဲ့လူတွေ အများကြီးရှိသေးတယ်။ စာဖတ်ဖို့ထက် ၀မ်းရေးကပိုအရေးကြီးနေတာ ကို ကျွန်မတို့ ဘယ်လိုပညာပေးကြမလဲ။ တောအရက်တပုလင်း ၀ယ်သောက်မဲ့အစား စာအုပ်တစ်အုပ်ငှားဖတ်ဖို့ ကိုရော ကျွန်မတို့ ဘယ်လိုနည်းဗျူဟာနဲ့ စည်းရုံးတိုက်တွန်းကြမလဲ ဆိုတာကိုစဉ်းစားဖို့ လိုနေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ မသိလို့ကျော်သွားသူတွေကို စာပေတန်ဖိုးသိသူတွေက တစ်ဇွန်းလောက် တစ်ဖတ် လောက်မြည်းစမ်းစေခြင်း၊ ခွံ့ကျွေးကြည့်ခြင်းဖြင့် အရသာသိပြီး စာဖတ်ချင်လာအောင် ကြိုးစားစည်းရုံးရမှာပါ။ တစ်ယောက်ပဲရရ၊ နှစ်ယောက်ပဲရရ ရသလောက်အဖတ်ဆယ်ရင်း ကိုယ်တိုင်က စာဖတ်အားကိုမြှင့်တင်ကြဖို့ လိုပါတယ်။ စာပေဖြင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ဖို့၊ ပညာဖြင့်တိုင်းပြည်အနာဂတ်ကို ပြုပြင်တည်ဆောက်ကြဖို့ ပျော်ပျော်ပါးပါး စာဖတ်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။                  

ရွှင်လန်းချမ်းမြေ့ကြပါစေ

(စံပယ်ဖြူ)

အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၀၊အောက်တိုဘာလ ၂၀၁၁

No comments:

Post a Comment