Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday 18 October 2012

မနက်ဖြန်အတွက်ဆုတောင်း


မနက်ဖြန်ဆိုတာ မျှော်လင့်ချက်တခုလေလား...
ချိုတချည် ခါးတလှည့်၊
ပါရမီနဲသူတွေအဖို့
ချိုသောမနက်ဖြန်တွေက
လက်ချိုးရေနိုင်လောက်အောင်
ရှားပါးလွန်းပါတယ်။

မနက်ဖြန်မှာ
ကြုံလာရမဲ့ အချိုအခါး
ဒုက္ခတွေနဲ့ဝေးရာ

လွတ်မြောက် ချမ်းသာရအောင်
သစ်တပင်အောက်မှာ
မကျင့်နိုင်သေးသရွေ့
မှုန်ဝါးဝါး မျှော်လင့်ချက်နဲ့
မနက်ဖြန်တွေကို အံတု၊
ချိုသည် ခါးသည်
ပူသည် စပ်သည်
အရသာတွေကို လျစ်လျူရှု ။
  
မချိသွားဖြဲ မျက်နှာပေးနဲ့
ဟန်ဆောင် အပြုံးတွေ
မလှမှန်းသိလို့
မှန်မကြည့်ရဲတဲ့ နေ့ရက်တွေမှာ
အိပ်ရာဝင်ချိန်တွေဟာ
ကယောင်ချောက်ခြားနိုင်လှတယ်။
မနက်ဖြန်ကို ရင်ဆိုင်ဖို့အရေး
ယောက်ယက်ခပ် အတွေးများက
ထမင်းလုံးတစ္ဆေခြောက်သလို
အိပ်မက်ထဲမှာ နေရာယူ၊
သံသရာမှာ ကျင်လည်နေသရွေ့
တဏှာကပေးတဲ့ဆု
ရသာစုံ မနက်ဖြန်တွေကို
ဖက်တွယ်နေရအုံးမယ်။
 
သနားငဲ့ညှာလွန်းလို့
လိုရာဆုတောင်းပါဆိုရင်
ဆုတစ်ခုပဲတောင်းချင်တယ်
ချိုချင်ချို ခါးချင်ခါး
မနက်ဖြန်မှန်သမျှကို
အကျွန်ုပ်သည်
မတုန်မလှုပ် ရင်ဆိုင်နိုင်ရပါစေသတည်း။


စံပယ်ဖြူ
၁၉း၁၁။ ၁၈၊၁၀၊၂၀၁၂

No comments:

Post a Comment