Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday 6 March 2012

တစ်ပါးသီလဖြင့် ပွင့်သောပန်းတိုင်းလန်းစေချင်


ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး လူတိုင်းလိုလိုကြားဖူးကြမဲ့ အဆိုအမိန့်လေးကို ကျွန်မထပ်ပြီးမျှဝေချင် ပါတယ်။ (When wealth is lost, nothing is lost) ဓနဥစ္စာတွေ ပျက်စီးပျောက်ဆုံးသွားရင် ဘ၀မှာ ဘာမှမဆုံးရှုံး သွားပါဘူးတဲ့။ ပစ္စည်းဥစ္စာဆိုတာ ပြန်ပြီးရှာဖွေစုဆောင်းလို့ ရပါတယ်။ (When health is lost, something is lost) ကျန်းမာရေးချွတ်ယွင်းရင်တော့ ဘ၀မှာတစုံတရာ ဆုံးရှုံးလိုက်ရပါပြီတဲ့။ (When character is lost, everything is lost) ကိုယ်ကျင့်သီလတွေ ပျက်စီးကုန်ပြီဆိုရင်တော့ ဘ၀မှာရှိသမျှ အရာအားလုံး ဆုံးရှူံးသွားပါပြီတဲ့။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံမှသာ အသက်ရှင်ရတာ အဓိပ္ပါယ်ရှိတယ်လို့ ပညာရှိတွေက နှလုံးသွင်းထားကြ ပါတယ်။

ကျွန်မအရွယ်ရောက်လို့ လူ့သဘာဝနဲ့ လူ့ပတ်ဝန်းကျင်ကို စူးစမ်းတတ်တဲ့ အချိန်ရောက်တော့ ငါးပါးသီလလုံ ပြီး ရိုးသားဖြောင့်မတ်တဲ့လူတွေ........
ရှားပါးနေတာကိုတွေ့ ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်လိုပြု ပြင်ပြောင်းလဲပေးသင့်တယ် ဆိုတာတွေကိုတော့ ကျွန်မစဉ်းစားရမှန်းမသိ ခဲ့ပါဘူး။ ကိုယ်ကျင့်သီလဟာ အသက်ရှင်နေခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို နားမလည်ကြတဲ့ လူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစား နေတဲ့ အူမတောင့်မှသီလစောင့်နိုင်မယ် ဆိုတဲ့စကားကို ကျွန်မနားယဉ်ခဲ့တာ ကြာပါပြီ။ သောက်စရာရေမရှိ လို့ မိုးခါးရေသောက်ကြရသလို အသက်အသေခံ၊ ဆင်းရဲးဒုက္ခခံပြီး သီလမစောင့်နိုင်ကြတာကို လောကီအ မြင်နဲ့ကြည့်ရင်တော့ အပြစ်မဆိုသာဘူးပေါ့။

အသက်ရှင်ရပ်တည်ရေးအတွက် လူ့ကျင့်ဝတ်တွေအကုန်လုံးကို မစောင့်ထိန်းနိုင်ပါဘူးလို့ဆိုရင် တတ်နိုင် တဲ့ကျင့်ဝတ်တွေကို ကြိုးစားပြီးစောင့်ထိန်းသင့် ပါတယ်။ တစ်ပါးသီလလောက် ဖြစ်ဖြစ်ပေါ့။ တစ်ပါးသီလ ဆိုတဲ့ဇာတ်လမ်းကို မြန်မာ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြာခဏ ထုတ်လွှင့်ခဲ့တာကို နားထောင်ဖူး၊ ကြည့်ဖူးတဲ့သူတွေ ရှိမှာပါ။ မသိလိုက်တဲ့သူတွေအတွက် ကျွန်မ မှတ်မှိသလောက် ပြန်ပြောပြချင်ပါတယ်။ ဇာတ်တော်တခုခုကို အခြေခံထားတာလားတော့ သေချာမသိပါဘူး။ ဘဘဦးသုခ ရိုက်ကူးခဲ့တာလို့တော့ သိရပါတယ်။ ဇာတ်လမ်းက ဒီလိုပါ။ ရဟန်းတော်တပါးက သူခိုးတယောက်ကို ငါးပါးသီလလုံဖို့ အရေးကြီး ကြောင်းဆုံးမတော့ သူခိုးကအမျိုးမျိုး လျှောက်လွဲချက်တွေပေး ပါတယ်။ သူခိုးတယောက်အနေနဲ့ ရရာခိုး စားနေရတဲ့အတွက် သူ့အသက်သတ်ခြင်းကို ရှောင်နိုင်မှာမဟုတ်သလို၊ အမြဲတမ်းလိမ်ညာ ပြောဆိုရမှာဖြစ် လို့ သီလစောင့်ဖို့ မဖြစ်နိုင်ကြောင်း လျှောက်ပါတယ်။ ရဟန်းတော်ကလည်း အလျှော့မပေးပဲ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဖြစ်တဲ့ သူတပါးအိမ်သူ(အိမ်သား)နဲ့ ကျူးလွန်ခြင်း၊ မိမိအိမ်သူ(အိမ်သား)မှတပါး သူတပါးဇနီးမယား သမီးပျိုများကိုကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါဧ။် ဆိုတဲ့သီလတစ်ပါးကိုတော့ သူခိုးလည်း စောင့်ထိန်းလို့ ရနိုင်ပါကြောင်းတိုက်တွန်း ဆုံးမပါတယ်။ ရဟန်းတော်ကို ရိုသေရှာတဲ့သူခိုးလည်း သေသေ ချာချာစဉ်းစားပြီး၊ ဒီတစ်ပါးသီလကိုတော့ ရာသက်ပန်စောင့်ထိန်းပါမယ်လို့ ကတိပေးလိုက်ပါတယ်။ အဲဒီလိုကတိပေးတော့ ရဟန်းတော်က သာဓုခေါ်တော်မူပြီး၊ တစ်ပါးသောသီလကို အသက်ထက်ပိုပြီး ကာကွယ်စောင့်ထိန်းဖို့ သတိပေးဆုံးမလိုက် ပါတယ်။

တနေ့မှာတော့ တစ်ပါးသီလယူထားတဲ့သူခိုးဟာ သူဌေးအိမ်ကပစ္စည်းခိုးဖို့ အမှောင်ရိပ်ခိုပြီး လစ်တဲ့အချိန်ကို ချောင်းနေပါတယ်။ သူခိုးက ရုပ်ဖြောင့်တယ်ထင်ပါတယ်။ သူခိုးလှုပ်ရှားနေတာတွေ၊ အလစ်ချောင်းနေ တာတွေကို မြင်လိုက်တဲ့သူဌေးကတော်က သူခိုးကို သဘောကျသွားပါတယ်။ ကာမအလိုပြည့်ဖို့ကိုပဲ စဉ်းစားတဲ့ သူဌေးကတော်ဟာ အလစ်ချောင်းနေတဲ့ သူခိုးနားကိုသွားပြီး သူမနဲ့အတူ ပျော်ပါးဖို့ပြောပါ တယ်။ သူမမှာပစ္စည်းဥစ္စာတွေ များစွာရှိတဲ့အတွက် နောင်ကိုခိုးယူစားသောက်ဖို့ မလိုတော့ကြောင်း သွေး ဆောင်ဖျားယောင်း ပါတယ်။ သူခိုးက သူစောင့်ထားတဲ့ သီလကိုအပျက်မခံနိုင်တဲ့အတွက် သူဌေးကတော် ရဲ့တောင်းဆိုချက်ကို ငြင်းပါတယ်။ ဒီလို သူဌေးကတော်က သူမအလိုပြည့်ဖို့ အဓ္ဓမစည်းရုံး၊ သူခိုးက အတင်းငြင်းဆန်နေတဲ့အချိန် သူဌေးကြီးရောက်လာပါတယ်။ မာယာများတဲ့ သူဌေးကတော်က သူမကို သူခိုးကအဓ္ဓမကျင့်ဖို့ ကြိုးစားနေပါတယ်လို့ သူဌေးကြီးကိုပြောပါတယ်။ အဖြစ်အပျက်အားလုံးကို သိလိုက် တဲ့သူဌေးကြီးဟာ သီလပျက်သစ္စာမဲ့တဲ့ ဇနီးကိုနှင်ထုတ်လိုက်ပါတယ်။ ယောက်ျားကောင်းပီသစွာ စောင့် ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာကို ရဲရဲရင့်ရင့်စောင့်စည်းလိုက်တဲ့ သူခိုးကိုတော့ သူဌေးကမွေးစားလိုက် ပါတယ်။ ဇာတ်လမ်း အနည်းငယ်လွဲနေရင် သီးခံခွင့်လွှတ်ပေးစေလို ပါတယ်။ အဓိကပြောချင်တာက သီလစောင့်တဲ့အတွက် သူခိုးဘ၀ကနေ သူဌေးဘ၀ရောက်ရတာ အားကျအတုယူစရာကောင်းတယ် ဆိုတာပါ။ ဒါမျိုးက ဇာတ်လမ်းထဲမှာ ပဲရှိတာလို့တော့ မယူဆစေချင်ဘူး။ အဆင့်အတန်းနိမ့်ကျတဲ့ သူခိုးတောင်စောင့်နိုင်တဲ့ သီလမျိုးကို အမျိုးကောင်းသား အမျိုးသမီးကောင်းတွေလည်း စောင့်ထိန်း သင့်တယ်လို့ တွေးဆဆင်ခြင်စေချင် ပါတယ်။

ကျွန်မရွာမှာနေတဲ့အချိန်တုန်းက ငွေကြေးသုံးစွဲနိုင်တဲ့ ခပ်ပွေပွေယောက်ျားများနဲ့ ငွေကြေးမပြည့်စုံတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ၊ အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးအချို့တွေနဲ့ ဖောက်ပြန်နေကြတာ ကိုတွေ့ခဲ့ဖူးပါတယ်။ ကျွန်မကျောင်းပြီးတဲ့ အချိန်လောက်ရောက်တော့ ပညာတတ်အသိုင်းအ၀ိုင်းနဲ့ လူချမ်း သာအသိုင်းအ၀ိုင်းမှာပါ အိမ်ထောင်ရေးဖေါက်ပြန်တာတွေ များလာတာကိုတွေ့ ရပါတယ်။ တချို့ဘွဲ့ရမိန်း ကလေးတွေ ကိုယ့်ဘ၀ကို ကိုယ်တိုင်ကြိုးစားရပ်တည်လို့ ရတဲ့အခြေအနေရှိရဲ့နဲ့ သူမျာ့း မိသားစုနဲ့ အိမ်ထောင်ရေး ကိုပျက်စီးစေပြီး၊ ကိုယ်တိုင်အငယ်အနှောင်း ဖြစ်ရတဲ့ဘ၀ကို ဘာကြောင့်ရွေးချယ်ကြမှန်း ကျွန်မနားမလည်ခဲ့ဘူး။ နောက်တော့ ကျွန်မရဲ့ဆရာမကြီးတစ်ယောကက် ပြောပြပါတယ်။ လောကဓံ ဆင်းရဲဒုက္ခမျိုးစုံကို မခံချင်ကြတော့ ခူးပြီးသားခပ်ပြီးသား အဆင်သင့်ကို ရွေးချယ်ကြတာပေါ့ သမီးရယ်တဲ့။ အဲဒီလိုပြောမှပဲ ကျွန်မသဘောပေါက် သွားပါတယ်။ ခေတ်အခြေအနေ အရတန်းတူရွယ်တူ ယောက်ျားတစ် ယောက်ကိုလက်တွဲရင် နှစ်ယောက်အတူ ပင်ပင်ပန်းပန်းရုန်းကန် ရမှာမို့လွယ်တဲ့လမ်းကို ရွေးကြတယ်ထင် ပါရဲ့။

အမျိုးသားများဖေါက်ပြန်ကြတာကတော့ ၂၀ရာစုမှာကတည်းက ဖက်ရှင်ဖြစ်နေပါတယ်။ တချို့ယောက်ျား များကတော့ သူတို့ဖေါက်ပြန်ရ မိန်းမတွေကြောင့်လို့ဆို ပါတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါပဲ။ မိန်းမတွေ ဖြားယောင်းလို့တချို့ခပ်အေးအေးယောက်ျားတွေ ဖေါက်ပြန်သွားကြတယ်။ တချို့ကြတော့ အိမ်ထောင်ရေး အဆင်မပြေလို့တဲ့။ ရိုးအပြီးဘာမှနားမလည်တဲ့ မိန်းကလေးတွေကိုကျတော့ ကျမ်းကြေတဲ့ယောက်ျားများက နင်းချေလိုက်ကြတယ်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကိုကျတော့ ငွေကြေးချမ်းသာတဲ့ယောက်ျားများက တခုတည်းသောထွက်ပေါက်ပေးပြီး ချေတော်တင်လိုက်ကြတယ်။ ၂၁ရာစုမှာထပ်တိုးလာတဲ့ မယ်တရွာမောင်တပြည်ဆိုတဲ့ ဖက်ရှင်ကြောင့် အိမ်ထောင်ရေးဖေါက်ပြန်မှုတွေ ဟာ ထမင်းစားရေသောက်ကိစ္စလို ဖြစ်လာပါတယ်။ သူများတွေလည်း ဒီလမ်းသွားနေကြတာပဲဆိုပြီး လျှောက်လိုက်သွားကြမှာလား။ ဒီလိုဆို လူ့လောကအတွက် စည်းကမ်းဘောင်တွေ ရှိနေဖို့ မလိုတော့ဘူး လား။

ယဉ်ကျေးခဲ့ကြသောမြန်မာတွေ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလူမျိုး ဖြစ်မသွားအောင် ကြိုတင်ကာကွယ်ဖို့ တော့လိုနေပါပြီ။ ဆန္ဒနဲ့ဘ၀ ထပ်တူမကျနိုင်တဲ့ အခြေအနေမျိုးမှာ လိုအင်ဆန္ဒတွေကို ထိန်းချုပ်နိုင်တဲ့ သတ္တိတွေ၊ ခိုင်မာတဲ့စိတ်ဓါတ်တွေကို လေ့ကျင့်မွေးမြူ ကြရပါမယ်။ တဒင်္ဂခဏ သာယာမှုအတွက် စိတ် အလိုလိုက်ရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာသလဲ။ တာဝန်မဲ့စွာ ပျော်ပါးကြတဲ့ ယောက်ျားများကြောင့် မိန်းကလေးတွေ မိခင်စိတ်ကင်းမဲ့လာကြတယ်။ ကိုယ့်ရဲ့သွေးကဖြစ်တဲ့ ရင်သွေးတွေကို လူ့လောကထဲ ပေးမ၀င်ကြတော့ဘူး။ မတော်တဆ လူ့လောကထဲရောက်လာတဲ့ ကလေးတွေဟာလည်း ရင်ခွင်မဲ့ဘ၀၊ စွန့်ပစ်ခံဘ၀နဲ့ ၀ဠ်ကြွေးတွေပေးဆပ်ဖို့ လူလာဖြစ်သလို ဖြစ်နေကြရတယ်။ ကိုယ်သာ ဒီကလေးနေရာမှာဆို လောကကြီးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာလေး တွေးမိစေချင်ပါတယ်။

နောက်အကျိုးဆက်တခုကတော့ လူတိုင်းသိကြတဲ့ အေအိုင်ဒီအက်စ် ရောဂါပါ။ မြန်မာပြည်မှာ တော်တော် လေးအခြေအနေဆိုး နေပါတယ်။ ဒီရောဂါရဲ့ အကျိုးဆက်ကို ကျွန်မကကိုယ်တိုင်ခံစား နေရတာပါ။ အင်မတန်ရိုးအေးပြီး၊ အချစ်ကိုကိုးကွယ်တဲ့ ကျွန်မရဲ့ အစ်မဟာ သောက်စားပျော်ပါးပြီး လက်ကြော မတင်းတဲ့ယောက်ျားနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ကလေး (၄)ယောက်ရပြီးတော့ သူ့ယောက်ျားရောဂါရပြီး ဆုံးသွား ခဲ့ပါတယ်။ သူ့ယောက်ျားဆုံးပြီး တစ်နှစ်ကြာတော့ အစ်မလည်းဆုံးသွားပါတယ်။ ကျွန်မကတော့ ကလေး(၄) ယောက်ကို လက်ဆောင်ရလိုက်ပါတယ်။ ကျွန်မခဲအို သီလပျက်တဲ့အတွက် လူမိုက်ကို ပေါင်းသင်းတဲ့ အစ်မလည်း အကြွေစောခဲ့ရတယ်။ ကလေးတွေလည်း မိဘမဲ့ဘ၀နဲ့ စိတ်ဒါဏ်ရာတွေ ရကြပြီး၊ လောကအလယ်မှာ မျက်နှာငယ်ကြရတယ်။ ကျွန်မအဖေနဲ့အမေလည်း စိတ်ဆင်းရဲရလွန်းလို့ ဘ၀နေ၀င်ချိန်မှာ အေးချမ်းမှု မရခဲ့ဘူး။ ကျွန်မလည်း ကလေး(၄)ယောက်အတွက် မနိုင်ဝန်ထမ်းနေရ ပါတယ်။ လောကဟင်းလင်းပြင်မှာ လွတ်လပ်စွာပျံသန်းချင်တဲ့ ကျွန်မရဲ့တောင်ပံတွေဟာ ၀န်ပိနေတာ ကြောင့် ခရီးမတွင်ခဲ့ပါဘူး။ အရာအားလုံးဟာ အကြောင်းနဲ့အကျိုးတွေပဲလို့သာ နှလုံးသွင်းရပါတယ်။ ဒီလိုအကျိုးဆက်တွေကို ခံနေရတဲ့ရောဂါသည်တွေ မိဘမဲ့ကလေးတွေအတွက် စေတနာ့ဝန်ထမ်းတွေ လည်း ၀န်တွေပိနေကြပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ လူ့အရင်းအမြစ်တွေလည်း မရေတွက် နိုင်အောင် ဆုံးရှုံးနေရပါတယ်။

ကျွန်မတို့လူသားတွေဟာ အခြားသတ္တ၀ါတွေထက် ပိုပြီးအဆင့်မြင့်တယ်ဆိုတော့ ရေရှည်ကိုတွေးခေါ် မြော်မြင်နိုင်ပြီး၊ ဆင်ခြင်တုံတရားတွေနဲ့ ကမ္ဘာလောကကို စောင့်ရှောက်သင့်ပါတယ်။ မိန်းကလေးများ မိမိတို့ရဲ့ နြေ္ဒသိက္ခာကို စိန်ရွှေရတနာနဲ့ မလဲနိုင်လောက်အောင် တန်ဖိုးထားတတ်စေချင် ပါတယ်။ ရှိတာလေးနဲ့လှအောင်ဝတ်၊ ရတာလေးနဲ့လောက်အောင် စားတတ်ပြီး၊ ပကာသနဂုဏ်ဒြပ်တွေနဲ့ ယှဉ် ပြိုင်လာသမျှကို အရှုံးပေးလို့ စိတ်နှလုံးအေးချမ်းရတဲ့ ဘ၀ကိုမြတ်နိုးစေချင် မိပါတယ်။ ပုခက်လွှဲမဲ့လက်ပိုင် ရှင်များ လိမ္မာယဉ်ကျေးပါမှ ကမ္ဘာကြီးသာယာလှပ နိုင်မှာပါ။ မိန်းမသားများထက် ပိုပြီးမြင့်မြတ်ပါတယ် ဆိုတဲ့ ယောက်ျားသားများကလည်း မိမိတို့ရဲ့ ဇနီးမယား၊သားသမီးများကို သစ္စာရှိရှိ တာဝန်ဝန်သိသိနဲ့ ရိုးမြေကျပေါင်းသင်း စောင့်ရှောက်ပြီး၊ မိမိအိမ်သူမဟုတ်တဲ့ မိန်းကလေးများကို ညီမလေးလို တူမလေးလို ကူညီစောင့်ရှောက်သင့်တယ် မဟုတ်လား။ ဒါတွေက ကျွန်မတို့ရဲ့ ရိုးတွင်းချဉ်ဆီထဲအထိ စွဲမြဲနေရမဲ့ မြန်မာ့ ယဉ်ကျေးမှုစစ်စစ်ပါ။ ဒီယဉ်ကျေးမှုတွေ လုံးဝပျောက်ကွယ်သွားရင်တော့ လူမျိးပါပျောက်သွားပါလိမ့်မယ်။

ခေတ်ကာလအခြေအနေ အရယဉ်ကျေးမှုတွေ အလိုက်သင့်ပြောင်းလဲရမယ် ဆိုတာတော့မှန်ပါတယ်။ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကြောင့် ၀တ်စားဆင်ယင်မှုတွေ ပြောင်းလာကြတယ်။ မြန်မာမိန်းက လေးအချို့ အရက်သောက်တတ်လာပြီး၊ နိုက်ကလပ်တွေ သွားကြတယ်။ လက်မထပ်ပဲ အတူနေကြတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေရဲ့ အချိန်တိကျပြီး စည်းကမ်းရှိတာတွေကိုတော့ မြန်မာတွေတော်တော် များများ ဘာလို့အတုမယူ ကြတာလဲဆိုတာ စဉ်းစားစရာပါ။ ကျွန်မတွေးမိတာ ပြောပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေထဲက တကယ့်အကောင်းတွေ၊ အနှစ်တွေကို လိုက်နာထိန်းသိမ်းပြီး အရမ်းရှေးဆန်လွန်းတာ တွေ အယူသည်းတာတွေကို ပယ်ကြမယ်ပေါ့။ တိုင်းတပါးယဉ်ကျေးမှုတွေထဲက ကောင်းတာတွေကို အတု ယူကြမယ်။ ဒီလိုဆိုရင် ယဉ်ကျေးသော စည်းကမ်းရှိသော မြန်မာတွေကို ကမ္ဘာကလေးစား လာကြမှာပါ။

သီလမြဲတဲ့သူဟာ အသက်ရှည်ကျန်းမာတယ်။ ရုပ်ရည်သန့်ပြန့်ပြီး သြဇာညောင်းတယ်။ စိတ်ပိုင်းဆိုင်ရာမှာ လည်း သီလလုံတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကြောက်စိတ်ကင်းစေပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ အကျိုးပေးတွေက ဒီနေ့ သီလစောင့်ရင် ဒီနေ့ရနိုင်ပါတယ်။ မယုံရင်လက်တွေ့ စမ်းကြည့်ပါလို့ပဲ ပြောချင်ပါ တယ်။ တတ်နိုင်ရင် တစ်လကိုတစ်ရက်လောက် ရှစ်ပါးသီလယူ။ မတတ်နိုင်ရင် ငါးပါးသီလ။ ငါးပါးလည်း မတတ်နိုင်ဘူးဆိုရင် တစ်ပါးသီလတော့ နေ့စဉ်စောင့် သင့်ပါတယ်။ သီလတန်ခိုးနဲ့ လောကကိုအလှဆင် နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ

(စံပယ်ဖြူ)


No comments:

Post a Comment