မြန်မာပြည်မှာ အမှိုက်ကောက်
သန့်ရှင်းရေးလုပ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မ စဉ်းစားမိတာတွေကို စာတပုဒ်ရေးလိုက် ပါတယ်။
သဘာဝ ပတ်ဝန်းကျင်ရဲ့အလှကို အမှိုက်တွေက ဖုံးကွယ်ထားသလိုပဲ၊ လောကရဲ့ တကယ့်အလှကို အလွှာတွေ၊
အပေါ်ယံ ပကာသနတွေဟာ ဖုံးကွယ်ထားကြတယ်။ ပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အမေစုက အဲ့ဒီအလွှာတွေ
ပကာသနတွေကို ဖယ်ရှားလိုက်ပြီး၊ လောကအလှကို ဖွင့်ပြလိုက်တယ်။ မိမိကိုယ်ကို အများပြည်သူနဲ့
တတန်းတည်းထားပြီး၊ နိုင်ငံသားတွေရဲ့ တာဝန်ကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပြတယ်။ ကိုယ်တိုင်ပါဝင်ပြီး
နောက်လိုက်ငယ်သားတွေ လိုက်နာချင်အောင် စံနမူနာကောင်း ပြလိုက်တယ်။ အမေစုက သူ့ရဲ့ခေါင်းဆောင်မှု
အနုပညာကို ပညာသားပါပါ ထုတ်သုံးလိုက်ပုံက သိပ်လှပါတယ်။
ကိုယ်တိုင်လည်းဝင်မပါ၊
သူများလုပ်တာကို အပြစ်ရှာ ဝေဖန်သူတွေကိုတော့ ကျွန်မက ဘာမှမပြောလိုဘူး။ လူထုခေါင်းဆောင်ရဲ့
ညွှန်ကြားမှုကို အပေါ်ယံမဟုတ် တကယ်ဝိုင်းဝန်းလုပ်ကြတဲ့ သူတွေကို ချီးကျုးပါတယ်။ တကယ်ကို
လေးစားပါတယ်။ အမှိုက်ကောက် သန့်ရှင်းရေးလုပ်တာကို အစပြုပြီး၊ စည်းကမ်းတကျ အမှိုက်ပြစ်တတ်တဲ့
အကျင့်တွေရှိလာအောင် ပညာပေးစည်းရုံးမှုတွေ ထိထိရောက်ရောက် လုပ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုဆီကို
ဦးတည်ပါလိမ့်မယ်။ မြင်မကောင်းတဲ့ အမှိုက်ပုံတွေ မြောင်းပုပ်တွေ မရှိတော့ရင် သဘာဝအတိုင်းရှိနေတဲ့
မြန်မာပြည်ရဲ့ အလှကို ပြန်မြင်ရတော့မှာ။ ပတ်ဝန်းကျင်သန့်ရှင်းလို့ ကူးစက်ရောဂါ အန္တရာယ်တွေလည်း
လျော့သွားတော့မယ်။ နိုင်ငံသားကောင်း ပီသာစွာ စည်းကမ်းရှိခြင်း၊ တာဝန်သိတတ်ခြင်းစတဲ့
အရည်အသွေးကောင်းတွေ ရှိလာပါလိမ့်မယ်။
ခေါင်လုံမှ တံစက်လုံမယ်၊
မိဘကောင်းမှ သားသမီးကောင်းမယ်လို့ ငယ်ငယ်က အမေရိုက်သွင်း ပေးခဲ့တဲ့ အယူအဆက ကျွန်မ ဦးနှောက်ထဲမှာ
စွဲနေပါတယ်။ မိဘကောင်း၊ ဆရာကောင်းတွေကြောင့် ကျွန်မ လူလားမြောက်ခဲ့ ပါတယ်။ ကျွန်မ ကိုယ်တိုင်
ဆရာဖြစ်လာတဲ့အခါ၊ ဆရာကောင်းမှ တပည့်ကောင်း မယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားပါတယ်။
မိဘတွေက သားသမီးတွေကို စံနမူနာကောင်း ပြဖို့လိုအပ်သလို၊
ဆရာသမားတွေက တပည့်တွေကို စံနမူနာကောင်းတွေ ပြရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ တိုင်းပြည်တပြည်မှာ
ခေါင်းဆောင်က နိုင်ငံသားတွေအတွက် စံပြပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမယ်ဆိုတာ ငြင်းလို့မရတဲ့
အချက်ပါ။ မြန်မာပြည်မှာ ခေါင်းဆောင်မကောင်းလို့ တိုင်းသူပြည်သားတွေ ဆင်းရဲတွင်း နက်နေကြတယ်။
ခေါင်းဆောင်ကောင်း ရှိနေလျှက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရတာကလည်း အင်မတန် နစ်နာပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်တဲ့
အကြီးအကဲများနဲ့ အုပ်ချုပ်သူ လူတန်းစားတွေဟာ ပဒေသရာဇ်ခေတ်က ရှင်ဘုရင် မှုးမတ်တွေလို
ပြည်သူတွေနဲ့ လူတန်းစားအလွှာ ခြားမနေသင့်ပါဘူး။ လူတန်းစား အလွှာခြားနေရင် ရင်းနှီးချစ်ခင်မှုနဲ့
အပြန်အလှန် နားလည်မှု မရှိကြတဲ့အတွက် ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်ပါတယ်။ ပြည်သူနဲ့
ခေါင်းဆောင်ကြားမှာ အလွှာမခြားတဲ့အခါ ရင်းနှီးပွင့်လင်းမှုရှိတဲ့အတွက် အပြန်အလှန်နားလည်မှုကို
ရနိုင်တယ်။ တဦးကိုတဦး နားလည်တဲ့အခါ၊ ယုံကြည်မှုတွေ ခိုင်မြဲလာမယ်။ လူတယောက်စီတိုင်းကို
မိမိကိုယ်နဲ့ ထပ်တူ တန်ဖိုးထား တတ်လာမယ်။ ဒီမူကို ကျင့်သုံးတဲ့ အမေစုနဲ့ ပြည်သူတွေကြားမှာ
အလွှာခြားမနေသည့်အတွက် အမြင်တွေကြည်လင် ပွင့်လင်းပါတယ်။
ကျွန်မ ကျောင်းပြီးခါစက
ရန်ကုန်မှာ ဖွံ့ဖြိုးရေးသင်တန်း တခုတက်ဖူးပါတယ်။ သင်တန်းဆရာ ဆွေးနွေးသွားတဲ့ အချက်တခုကို
သတိရမိပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထု ပါဝင်လာအောင်
စည်းရုံးနိုင်ရပါမယ်။ ပြည်သူလုထုက စိတ်အားထက်သန်စွာ ပါဝင်လာစေဖို့ အမိန့်အာဏာသုံးရင်
မအောင်မြင်နိုင်ဘူး။ Live with them, talk to them လို့ဆိုပါတယ်။ လူထုနဲ့ အတူနေ၊ သူတို့အသံကို
နားထောင်၊ ပြီးရင်သူတို့နဲ့ ပြောဆိုဆွေးနွေးရင်း လူထုက နားလည်လက်ခံလာအောင် စည်းရုံးရမယ်လို့
ဆိုပါတယ်။ လူထုနဲ့ အတူနေတဲ့အခါ သူတို့ရဲ့ဘ၀၊ သူတို့သဘောထားကို ပိုပြီးနားလည်လာပါတယ်။
ပြည်သူ့အသံကို အမြဲနားထောင်ပြီး၊
ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတဲ့ အမေစုက ပြည်သူတွေရဲ့ သဘောထားကို နားလည်တယ်။ အောက်ခြေက
လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးပြီး၊
စွမ်းဆောင်ရည်တွေ မြင့်တင်ပေးဖို့ အားထုတ်တယ်။ လူထုစွမ်းအားနဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်တယ်လို့
ယုံကြည်တယ်။ လူတွေရဲ့ စိတ်သဘောကို နားလည်တဲ့ အမေစုက ပြည်သူတွေကို ယုံတယ်လို့ မကြာခဏ
ပြောတာကို ကြားနေရတယ်။ ယုံကြည်ခံရတဲ့အခါ လူတွေက ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှု ရှိလာပါတယ်။
ငါလည်း တထောင့် တနေရာက ၀င်ပါနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိလာတယ်။ ယုံကြည်ခံရတဲ့အခါ
တာဝန်ယူလိုစိတ်လည်း ရှိလာပါတယ်။