Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Tuesday, 2 June 2015

ရှေ့ဆောင်ကောင်းသော အမေ




မရိုးနိုင်တဲ့ အမေ့အကြောင်းကို အရင်က ရေးဖူးပေမဲ့ ထပ်ရေးချင်ပါတယ်။ လူတိုင်းအတွက် အမေဆိုတာ မိုးကောင်းကင်လို၊ မြင့်မိုရ်တောင်လို အံ့မခန်း ကြီးမြတ်သူတွေ ဖြစ်ပါတယ်။ မိခင်အရင်းအခြာ မဟုတ်သော်လည်း မိခင်နှင့်တူသော အမေများကို  ရံဖန်ရံခါ ကြုံရတွေ့ရတတ်ပါတယ်။ မိခင်တယောက်လို ကြင်နာညှာတာ တတ်သော ဆရာမများ၊ အလုပ်ရှင် အမျိုးသမီးများကို အမေလို (motherly) ချစ်ခင်တတ်သူလို့ တင်စားတတ်ကြ ပါတယ်။ ဒီအကြောင်းကို စဉ်းစားမိရင်း ရှေ့ဆောင်လမ်းပြကောင်းသော ကျွန်မရဲ့ မွေးမိခင်အကြောင်းနဲ့ မြန်မာပြည်ရဲ့ ဂန္ဓ၀င် မိခင်အကြာင်း ဆက်စပ်စဉ်းစားမိတာတွေကို ၀ါသနာအရ စာတပုဒ် ချရေးလိုက်ပါတယ်။

ကျွန်မတို့အမေက တောရွာက သာမန်အိမ်ရှင်မ တယောက်ဖြစ်ပေမဲ့ သားသမီးတွေကို ဆုံးမထိန်းကွပ်တဲ့ နေရာမှာ ပညာတတ်မိန်းမတွေထက် မညံ့ခဲ့တာကို ကျွန်မအမြဲ ဂုဏ်ယူမိပါတယ်။ အမေက ရှေးဆန်သော အဖွားရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့တာမို့ အတွေးအခေါ်က ရှေးဆန်တယ်။ ဘီးစပတ်နဲ့ လည်ပင်းအလုံးကွပ် ရင်ဖုံးအင်္ကျီ အမြဲဝတ်တဲ့ ကျွန်မတို့အမေက ခေတ်မမှီဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမေ့ရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါတယ်။ ကျွန်မလည်း တခါတလေ အဘွားကြီးဆန်ဆန် တွေးတတ်ပါတယ်။ သိမ်းထုတ်သေချာ ဆိုတဲ့စကားအတိုင်း ပစ္စည်းကို စနစ်တကျကိုင်တွယ် သိမ်းဆည်းတတ်တဲ့ အမေ့ရဲ့အကျင့်ကို ငယ်ငယ်က မသိစိတ်ထဲကနေ သင်ယူခဲ့မိတာကို ကြီးလာမှ သတိထားမိပါတယ်။ ကိုယ်အားကိုယ်ကိုး စိတ်ရှိအောင် လေ့ကျင့်ပေးခဲ့တာတွေ၊ မချမ်းသာပေမဲ့ ပေးကမ်း ရက်ရောတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့တာတွေကို ပြန်တွေးမိတိုင်း အမေ့ကို လွမ်းမိပါတယ်။

ကျွန်မ ငယ်ငယ်က သိပ်ပြီးလိမ္မာရိုကျိုးတဲ့ ကလေးတယောက် မဟုတ်ခဲ့ဘူး။ နဲနဲစွာချင်တယ်။ ခိုင်းရင် မလုပ်ချင်ဘူး။ ကျောင်းစာကလွဲရင် ကျန်တာတွေလုပ်ဖို့ သိပ်ပျင်းပါတယ်။ ဒါပေမဲ့ အမေ့ကိုတော့ ကြောက်ရပါတယ်။ သားသမီးတွေကို အလိုမလိုက်တဲ့ အမေ့ကို ကြီးလာမှ ကျေးဇူးတင်ရမှန်း သိလာပါတယ်။ နွေရာသီကျောင်းပိတ်ရက် တခုမှာ ကျွန်မ နေကုန်နေခန်း ထမင်းပြန်မစားပဲ သူများအိမ်မှာ သွားနေပြီးဆော့ကစားမိလို့ ကောင်းကောင်း အရိုက်ခံရပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမှတ်သညာကောင်း ရှိခဲ့တယ်လို့ ဆိုရပါမယ်။ အရိုက်ခံရပြီးတဲ့ နောက်ပိုင်း ကျွန်မ ကစားချိန်တန်ကစားပြီး၊ ပြန်ချိန်တန်ရင် အိမ်ကိုပြန်ပါတယ်။ 

ကျွန်မ သစ်ပင်ပေါ်တက်လို့ အရိုက်ခံရတာ လည်းရှိသေးတယ်။ ရွာမှာ နွေရာသီဆို သစ်ပင်တွေ ခုတ်လှဲပြီး ထင်းခွဲကြပါတယ်။ ခုချန်ထိ ကျွန်မတို့ရွာမှာ ထင်းမီးနဲ့ ထမင်းချက်တုန်းပါ။ ကိုယ်ပိုင်သစ်ပင် မရှိတဲ့သူတွေက ထင်းချောက်ကိုင်းတွေ လိုက်စုကြပါတယ်။ တချို့က အပင်ပေါ်က ပြုတ်ကျတဲ့ သစ်ကိုင်းချောက်တွေကို လိုက်ကောက်ပြီး စုပါတယ်။ အချို့က အပင်ပေါ်တက်ပြီး၊ သစ်ကိုင်းချောက်တွေကို ချိုးယူကြပါတယ်။ အတုမြင် အတတ်သင်လို့ ဆိုရမလား။ ကျွန်မ ဘယ်က ဘယ်လိုစိတ်ကူး ရမှန်းမသိ အိမ်ရှေ့က မန်ကျည်းပင်ပေါ်တက်ပြီး၊ မန်ကျည်းကိုင်း အချောက်တွေ ချွေချ၊ ထင်းချောင်းတွေ စုမိပါတယ်။ ဒါကို အမေက ချက်ချင်းမြင်ပါတယ်။ အပင်ပေါ်က ပြန်ဆင်းလာဖို့ အမေက အေးအေးဆေးဆေး ပဲခေါ်ပါတယ်။ တုတ်ကိုင်ပြီး ခေါ်ရင် ကြောက်အားလန့်အားနဲ့ အပင်ပေါ်က ပြုတ်ကျမှာ စိုးလို့ပါ။ အပင်အောက်ကို ရောက်တော့ အရိုက်ခံရပါတယ်။ အဲဒီနောက်ပိုင်း ခုချိန်ထိ ကျွန်မ သစ်ပင်ပေါ် မတက်တော့ဘူး။

ရွာက ကျွန်မတို့ အိမ်ရှေ့မှာ မျှော့ပေါတဲ့ ချောင်းဦးတိုလေးရှိ ပါတယ်။ မျှော့ဆိုတဲ့ သတ္တ၀ါက အမျိုးသမီး လမ်းကြောင်းထဲကို ၀င်သွားရင် ပြန်မထွက်လာတော့ဘူး၊ လူကိုယ်ထဲမှာ သွေးစုပ်ပြီး မျိုးပွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမေက ကျွန်မကို ချောင်းထဲဆင်းပြီး ရေမကူးဖို့ တားမြစ်ပါတယ်။ ကျွန်မ မျှော့ကို သိပ်ကြောက်ပါတယ်၊ အမေ့ရိုက်မှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အမေလစ်ရင် ကျွန်မ ရေဆင်းကူး ပါတယ်။ ရေမြင်ရင် ကူးချင်တယ်၊ တောင်ကိုမြင်ရင် တက်ချင်တယ်။ သဘာဝတရားကို မြတ်နိုးတဲ့ ကျွန်မရဲ့ ပင်ကိုယ်ဗီဇကို ကြောက်ခြင်းဆိုတဲ့အရာက မတားဆီးနိုင်တာကို ပြန်တွေးကြည့်မိတိုင်း ကိုယ်ဘာသာ သဘောကျမိပါတယ်။ အမေကတော့ သူပြင်လို့မရတဲ့ ကျွန်မရဲ့ ဗီဇအချို့ကို လက်လျှော့ ထားရပါတယ်။