Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday, 11 July 2014

ကွာလာလမ်ပူတခွင် ခရီးနှင်



 သွားပါများ ခရီးရောက်ဆိုသလို နိုင်ငံအနှံ့ကို ကျွန်မ မရောက်ပေမဲ့ မလေးရှားရောက် မြန်မာမိန်းကလေးတစ်ယောက် ကွာလာလမ်ပူမှာ ကျက်စားနေထိုင်ရင်း တွေ့ရတာတွေကို စမြုံ့ပြန်ပြောပြချင် ပါတယ်။ ရောက်တဲ့အရပ်မှာ ကျွန်မ ပျော်အောင်မနေတတ်ပေမဲ့ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း ကွာလမ်ပူမှာ တော်တော်လေးကို နေသားကျနေပါပြီ။ မလေးရှားရောက် မြန်မာတွေကို အရောင်အမျိုးမျိုး ပြောင်းပေးတဲ့မြို့။ ကဗျာဆရာတွေအတွက် ရေးစရာမကုန်နိုင်တဲ့မြို့။ ဒီမြို့မှာ ကျွန်မ နေခဲ့တာ ငါးနှစ်ပြည့်တော့မယ်။ ကွာလာလမ်ပူကို မရောက်ခင်က စရင်ဘန်း (Seremban) မြို့လေးမှာ နှစ်နှစ်လုပ်ခဲ့တာ ပေါင်းလိုက်ရင် မလေးရှားမှာ  ကျင်လည်နေတာ(၇)နှစ်ရှိပြီ။
 
 အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ကျီးလန့်တွေလို ထိတ်ထိတ်လန့်လန့်နဲ့ သွားလာနေ ရပါတယ်။ ကွာလာလမ်ပူကို ရန်ကုန်လိုသဘောထားပြီး သွားလာနေတဲ့ ကျွန်မ လူတိုင်းနီးပါးကြုံဖူးတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျွန်မရုံးခန်းမှာ Laptopနဲ့ လက်ကိုင်ဖုန်း အသစ်စက်စက်ကလေး အခိုးခံခဲ့ရတယ်။ မကြာသေးခင်ကပဲ ညနေအိမ်အပြန်လမ်းမှာ Laptop တစ်လုံး ထပ်ပြီးအလုခံလိုက်ရပါတယ်။ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့ စကားပုံက မလေးရှားမှာ ငွေလာရှာတဲ့ မြန်မာတွေအတွက် ရည်ရွယ်ခဲ့ဟန်တူပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ မနက်စောစော အလုပ်သွားတဲ့လမ်းမှာ အိတ်ကိုလုတာ၊ ကောင်မလေးက လွတ်မပေးပဲ ပြန်လုလို့ လည်းပင်းကို ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ မလေးရှားမှာ ဒီလို အဖြစ်ဆိုးတွေ မရေနိုင်မတွက်နိုင်။ 

ရာဇ၀တ်မှုတွေပေါပေမဲ့ စီးပွားရေးအခြေအနေ ကောင်းတဲ့ မလေးရှားမှာ လုပ်သက်ဆယ်နှစ်ကျော်လောက်ရှိတဲ့ လူလတ်ပိုင်းတွေ အားလုံးနီးပါး ကားစီးနိုင်ကြပါတယ်။ ကား၊ ရထားတွေ အချိန်မမှန်တာကြောင့်ရယ်၊ လမ်းလျှောက်ရင် လုံခြုံမှုမရှိတာရယ်ကြောင့် တတ်နိုင်တဲ့လူတိုင်း ကိုယ်ပိုင်ကားမောင်းပြီး အလုပ်သွားကြပါတယ်။ မနက်ရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်တွေဆို ယာဉ်ကြောတွေပိတ်ပြီး ခရီးသွားရတာ အချိန်တွေ အလွန်ကြန့်ကြာပါတယ်။ ကိုယ်ပိုင်ကား မရှိတဲ့ကျွန်မကတော့ ကားမှတ်တိုင်ကို လမ်းလျှောက်၊ ရထားဘူတာကို ကားစီးသွား၊ ဆင်းတဲ့ရထားဘူတာကနေ ကားပြန်စီး၊ လမ်းလျှောက်ရတာ အချိန်ကုန်လူပင်ပန်းပြီး စိတ်ပျက်စရာတွေ မကြာခဏ ကြုံရပါတယ်။ ကားခပေးဖို့ အကြွေမဆောင်ခဲ့မိရင်တော့ ရန်ကုန်မှာလိုပဲ စပယ်ယာ ငေါက်တာခံရပါတယ်။ တခါတလေ ခရီးသယ်နဲ့ စပယ်ယာ ရန်ဖြစ်ကြတာကိုမြင်ရင် ရန်ကုန်ကို သတိရလို့ ကျွန်မ ပြုံးမိပါတယ်။ ရန်ကုန်မှာတုန်းက လိုင်းကားတိုးစီးရတဲ့ ဒုက္ခကို မမေ့သေးဘူး။

စိတ်မွန်းကြပ်စရာကောင်းတဲ့ ကွာလာလမ်ပူုမြို့မှာ မနက်စောစောလေကို ရှူပြီး လမ်းလျှောက်ရတာ စိတ်ကိုကြည်လင် စေပါတယ်။ လေ့ကျင့်ခန်းလည်းဖြစ်၊ ပတ်ဝန်းကျင်နဲ့လည်း ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတာမို့ လမ်းလျှောက်ရတာကို ကျွန်မသဘောကျ ပါတယ်။ ကျွန်မ ဘယ်လောက်ထိလမ်းလျှောက်လဲဆို ပေါချောင်ကောင်း ဖိနပ်ဝယ်ရင် တစ်လထက်ပိုမစီးရဘူး။ အကောင်းစားဖိနပ်ဝယ်ရင် သုံးလထက်ပိုမစီးပါ။ ဒါပေမဲ့ အလုခံရပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းလျှောက်ရမှာကို လန့်သွားပြီမို့ အပြင်ထွက်ရမဲ့ ကိစ္စဆို တတ်နိုင်သလေက် ရှောင်နေလိုက်ပါတယ်။ စိတ်လုံခြုံမှု မရှိတော့ပဲ ခြေထောက်တွေ မရှိတော့သလို ခံစားရပါတယ်။ ဆိုင်ကယ်သမားမြင်ရင် သံသယနဲ့ ထိတ်လန့်နေရ အဖြစ်၊ လူတွေအပေါ် ယုံကြည်မှုကင်းမဲ့ နေရတဲ့အဖြစ်က အရိုးခံတောင်သူလယ်သမား၊ ရွာသားတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မအတွက် စိတ်ဒုက္ခဖြစ်ပါတယ်။