ကျွန်မတို့ အဖေ မကြာခဏ
နှစ်သိမ့်ဆုံးမဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ အပေါ်ကိုချည်း မော့မကြည်နဲ့ ကိုယ့်အောက်ကိုငုံ့ကြည်ပါ တဲ့။ မျှော်မှန်းတိုင်း
မဖြစ်တဲ့ဘ၀အပေါ် အလိုမကျဖြစ်တတ်တဲ့ ကျွန်မကို လောကဓံနဲ့ သဟဇာတဖြစ်အောင် အဖေက ဖြေသိမ့်ပေးတာပါ။
ကရင်လူမျိုးပီသစွာ ရိုးသားပြီး ရောင့်ရဲတတ်တဲ့ လယ်သမား ကျွန်မတို့အဖေဟာ ဘ၀တစ်လျှောက်လုံး
ပင်ပန်းဆင်းရဲခြင်း လောကဓံနဲ့ ကောင်းစွာမိတ်ဆွေဖွဲ့ သွားသူပါ။ လူ့အောက်ကျလို့ မသေနိုင်ဘူး၊
လူပိလို့မသေနိုင်ဘူး ဆိုတဲ့ဆောင်ပုဒ်က ကျွန်မတို့ အဖေ အမြဲဆောင်ထားတဲ့ ဆောင်ပုဒ်ပါ။
လူပိပြီး နလန်မထူနိုင်တဲ့ အဖေ့ဘ၀ရုပ်ပုံလွှာဟာ ကရင်များရဲ့ ဘ၀တစ်စိတ်တစ်ဒေသကို ထင်ဟပ်နေပါတယ်။
လူလူချင်း ဖိတာကို
မကြိုက်တတ်တဲ့ ကျွန်မကို အဖေက သိပ်မလွှမ်းမိုးနိုင်ပါဘူး။ အဖေ့လို ကျွန်မ အားနာတတ်ပေမဲ့၊
မဟုတ်ရင်မခံတတ်တဲ့ အမေကသာ ကျွန်မဘ၀ တစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ အဖေပြောသလို ကျွန်မ
အောက်ကို မကြာခဏငုံ့ကြည်ပါတယ်။ အပေါ်ကိုလည်း မော့ကြည့်မိပါတယ်။ ငယ်ငယ်က အောက်ကိုငုံ့ကြည့်ရင်
အဖေတွေးသလို တွေးပြီးစိတ်ကို ဖြေသိမ့်ပါတယ်။ ကိုယ့်ထက်ဆင်းရဲ နိမ့်ကျတဲ့ သူတွေအများကြီး
ရှိနေပါသေးလား၊ ကိုယ်ရထားတဲ့ ဘ၀က သူတို့တွေထက်စာရင် တော်ပါသေးတယ်ပေါ့။ အပေါ်ကို မော့ကြည့်မိရင်တော့
အပေါ်ကလူတွေကို အားကျစိတ်ဖြစ်ပြီး၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။ ငယ်ငယ်က စိတ်အားတက်ကြွနေချိန်မို့
လောကဓံကို ဘယ်တော့မှ အရှုံးမပေးဘူးလို့ စိန်ခေါ်ခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ အနိုင်ရလို့
လှောင်ပြုံးပြုံးနေတဲ့ လောကဓံကို ကျွန်မ လက်မြောက် အရှုံးပေးချင်နေပြီ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျနိုင်တဲ့
ဘ၀မှာ နေသားကျအောင် ကြိုးစားနေရင်း အချိန်တွေကုန် အသက်တွေ ကြီးလာပြီ။ လူလတ်ပိုင်းအရွယ်ကို
ရောက်လာပြီဆိုတော့ အောက်ကိုငုံ့ကြည့်ပြီး၊ အတွေးတွေက ပြောင်းသွားပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကို
ရလာပြီး၊ လူဖြစ်ရကျိုးမနှပ်တဲ့ ဘ၀တွေ။ လူလိုမစားရ၊ လူလိုမနေရတဲ့ ဘ၀တွေ။ အဖြစ်သနစ်ပေါင်းစုံကို
မြင်ရတိုင်း ရွှေရင်မချောင် ရွှေရင်ဆို့ရပါတယ်။ ဒီလူတွေကို ကျွန်မတို့ ဒီအတိုင်းပဲ ငုံ့ကြည့်နေရမလား။
အောက်ခြေလူတန်းစားတွေ လူနဲ့တူအောင် နေရဖို့ အပေါ်ကလူတွေမှာ တာဝန်မရှိဘူးလား။ ပြောသာပြောရတယ်၊
အပေါ်နဲ့အောက် အလှမ်းကွာဝေးလွန်းတော့ သဲသဲကွဲကွဲ မြင်ကြလိမ့်မယ်မထင်ဘူး။
ကျွန်မက တောသူတောင်းသားတွေနဲ့
တသားတည်းတစ်ထပ်တည်း နေထိုင်ကြီးပြင်းခဲ့သူမို့ မျက်လုံးနဲ့လည်း မြင်တယ်။ နှလုံးသားနဲ့လည်း
မြင်ပါတယ်။ တနေကုန် ခါးကိုကုန်းပြီး သမန်းမြေထဲကို ကောက်ပင်တွေ စိုက်ခဲ့ဖူးတယ်။ လယ်ကန်သင်းရိုးပေါ်မှာ
ကောက်စိုက်သမတွေနဲ့ အတူတူ ပဲဟင်းရည်ကို မြိန်ယှက်စွာ သောက်ခဲ့ဖူးပါတယ်။ လယ်တွေ ကိုင်းတွေ
မြစ်ချောင်းတွေပေါတဲ့ ကျွန်မတို့ ဧရာဝတီတိုင်းမှာ ဆန်ကြမ်းနဲ့ ဟင်းချိုအရည်ကျဲကျဲကို
သောက်ပြီး တင်းတိမ်နေရတဲ့ လူတွေရှိတယ်။ နေ့စဉ် ငရုတ်သီးဆားထောင်းနဲ့ ထမင်းမိန်နေရတဲ့လူတွေ
အများကြီးရှိတယ်။ ငရုတ်သီး မ၀ယ်နိုငိတဲ့အခါ ဆားနဲ့ပဲ ပြီးသွားရတာတွေ ရှိပါတယ်။ ချက်စရာ
ဆန်မရှိတဲ့အခါ ထမင်းရည် ရှာတောင်းသောက် နေရတဲ့ အဖြစ်တွေ တကယ်ရှိပါတယ်။ ကျွန်မရွာသားတွေ
ဆင်းရဲတဲ့ အကြောင်းကို မကြာခဏ စာထဲထည့်ရေး ပြီးသားမို့ အကျယ်ချဲ့ မပြောလိုတော့ပါ။ ဆင်းရဲခြင်းရဲ့
အကြောင်းတွေ၊ ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်းတွေကို ကျွန်မ ဥာဏ်မှီသလောက် စဉ်းစားကြည့်
မိပါတယ်။
တချို့က ဆင်းရဲတဲ့သူကို
မသနားနဲ့လို့ ပြောကြပါတယ်။ မလိမ္မာလို့ ဆင်းရဲကြတာ၊ အလုပ်မကြိုးစားလို့ ဆင်းရဲကြတာကို
သနားစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ယုတ်တိဗေဒအရ မှန်တယ်လို့ ဆိုနိုင်ပေမဲ့ လူသားဆန်ဆန်
တွေးမယ်ဆိုရင် မလိမ္မာတဲ့လူကို လိမ္မာအောင် ပြုပြင်တည့်မတ်ပေး ရမှာပါ။ ဆင်းရဲတဲ့ သူတွေ
အများစုဟာ အသိဥာဏ်နည်းကြတယ်။ အလုပ်ကို ရေသာခိုချင်ကြတယ်။ အသောက်အစား လောင်းကစားမှာ
မွေ့လျော်ကြပါတယ်။ ဒါကြောင့်မို့ ဆင်းရဲနွမ်းပါးသူတွေကို စားစရာပေးရုံ ငွေချေးပေးရုံနဲ့
ဆင်းရဲခြင်းက လွန်မြောက်နိုင်မှာ မဟုတ်ပါဘူး။ (Life Skills) လို့ခေါ်တဲ့ ဘ၀နေထိုင်နည်းတွေ
ကျွမ်းကျင်လာအောင် လူလိမ္မာ ဆိုသူတွေက ရှေ့ဆောင်လမ်းပြ ပေးရမှာပါ။ စီးပွားရေး လုပ်ငန်းရှင်များ၊
အုပ်ချုပ်သူ လူတန်းစားများက အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ တန်ရာတန်ကြေး လုပ်ခရပြီး၊
အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လူ့ဘ၀သက်တမ်း တိုတိုလေးမှာ
ကျွန်မတို့ လူအချင်းချင်း မေတ္တာထားကြပြီး၊ အားနည်းသူတွေကို ဂရုဏာစိတ်နဲ့ တွဲကူဖေးမ
ကြရမယ် မဟုတ်လား။ ဒါပေမဲ့ အပေါ်ကလူတွေ အောက်ကိုငုံ့မကြည့် ကြဘူး။ တချို့က မမြင်ချင်
ယောင်ဆောင်ကြတယ်။ တချို့က မျက်မှန်စိမ်းတပ်ပြီးကြည့်တော့ တကယ်အရှိကို မမြင်ကြဘူး။
အဲဒီလူတွေကို ကျွန်မမော့ ကြည့်မိပါတယ်။ မော့သာကြည့်ရတယ်
ကျွန်မက အထက်တန်းလွှာမှာ နေဖူးသူ မဟုတ်တော့ အထက်တန်းစားတွေရဲ့ ဘ၀ကို နားမလည်နိုင်တာ အမှန်။ ကျွန်မကိုယ်တိုင် အဲဒီနေရာကိုရောက်ရင်
သူတို့လိုပဲဖြစ်မလား ဆိုတာတော့ တကယ်မရောက်ဖူးပဲ ပြောရခက်ပါတယ်။ နောက်ဘ၀များ အထက်တန်းလွှာမှာ
လူဖြစ်ပြီး စာရေးဆရာမဖြစ်ခဲ့ရင် လူ့မလိုင်တွေအကြောင်း ကျွန်မစာတွေ ရေးချင်ပါတယ်။ ဒီဘ၀မှာ
ဒီခန္ဓာတည်သရွေ့တော့ ကျွန်မရွာသားတွေအကြောင်းနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဘ၀ထဲက
ထွက်လာတဲ့ စာတွေကို ရေးအားရှိသလောက် ရေးနေမှာပါ။