နှစ်တွေအတော်ကြာအောင် ပြန်မရောက်ခဲ့သော မြို့လေးထဲ တစ်ခေါက်ပြန်ရောက်ခဲ့လေပြီ။ မြို့လေးက အရင်လို နွေးနွေးထွေးထွေး မရှိတော့သလို။ ပူပြင်းခြောက်သွေ့သော နွေရာသီနှင့် လိုက်ဖက်အောင် မြို့လေးက သွေ့ခြောက် တိတ်ဆိတ်နေတော့သည်။ ဒီမြို့မှာ လူချော အထက်တန်း အောင်ခဲ့သည်။ လတ်ဆတ်တက်ကြွသော အထက်တန်းကျောင်းသား
ဘ၀က တကယ်ကို
လွမ်းစရာ။ သောကြာနေ့ ညနေဆို မြို့ကနေ ရွာကိုအတူပြန်ကြသော ငယ်ပေါင်းသူငယ်ချင်းများကို
လွမ်းဆွတ်မိတော့သည်။ ရွာရောက်ရင် သူတို့နှင့်တွေ့ရမည်။
ဆိုက်ကားမစီးပဲ ရွာကို လမ်းလျှောက်ပြန်
ခဲ့သည်။ လွတ်လပ်ခြင်းတွေ အကျဉ်းချ ခံနေရသော ပတ်ဝန်းကျင်ကို ခဏထားခဲ့ပြီး၊ လူချော အမေ့ရွာကို
ပြန်လာခဲ့ခြင်း ဖြစ်သည်။ ငယ်သူငယ်ချင်းများနှင့် စိတ်လွတ်လက်လွတ် နေရန်ကြံစည်ထားသဖြင့်
ဇနီးနှင့် ကလေးများကို ခေါ်မလာခဲ့။
လွတ်လပ်ြခင်း အရသာကို လူချော အခုန်မင်ခဲ့ဆုံးအရာတစ်ခု။ လောကကောင်းကင်ပြင်မှာ တောင်ပံကို အဆုံးစွန်ထိ ဖြန်ု့ထွက်ပျံသန်းချင်ခဲ့သော
လူချော၏ စိတ်ကူးများက စိတ်ကူးယဉ် ကမ္ဘာမှာပဲ ကျန်ခဲ့ပြီ။ လက်တွေ့ဘ၀မတော့ ကျစ်ကြိုးများ၊
ဝင်္ကဘာ ထောင်ခြောက်များနှင့် ရှုပ်ထွေးလှသော အသိုက်အ၀န်းတွင် ဤ ကို ကျွဲ ဖြစ်အောင် ပြောနေရသည်။ ကြာတော့ ရူးချင်သလို
ဖြစ်လာသည်။
လယ်ကွင်းထဲက သူငယ်ချင်းများလို
တွံတေးသိန်းတန် သီချင်းကို လွတ်လွတ်လပ်လပ် အော်ဆိုရသော ဘ၀ကမှ ပိုပြီးအဓိပ္ပါယ်ရှိသလို
ခံစားမိသည်။
ဂျုံးဂျုံး ဂျုံ့ဂျုံ့
…… ဂျုံးဂျုံး ဂျုံ့ဂျုံ့……. ဂျုံးဂျုံး ဂျုံ့ဂျုံ့
စပါးအပြည့်တင်လာသော ထော်လာဂျီ
ဖြတ်မောင်းသွားရာ ဖုန်တွေအလိပ်လိုက် ထကျန်ခဲ့တော့သည်။ လူချောတစ်ကိုယ်လုံး ဖုန်တွေနဲ့
ဖွေးသွား၏။ ခုမှ တကယ့် တောသား ပြန်ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ကတ္တရာလမ်းဖောက်ရန်
စီမံကိန်းချခဲ့သော ကားလမ်းမသည် ယခုတိုင် ဖုန်ထူ ဗွက်ထူသော မြေသားလမ်း အဖြစ်သာ ရှိနေသည်။
ထိုစဉ်အခါက လုပ်အားပေးစနစ်ဖြင့် တစ်မြို့နယ်လုံးက ရွာသားများ၏ ချွေးများးနှင့် ဖောက်ခဲ့သောလမ်း။
ပေနှစ်ဆယ်ကျော် ကျယ်သော လမ်းမကြီးပေါ်တွင် ကတ္တရာအစား ကျောက်စရစ်ခဲများ ဟိုတစ်ဒီတစ်စ
ရှိပါ၏။ နှစ်တွေကြာ၍ မြေသားကျသွားသဖြင့် လမ်းမကြီးမှာ မြင့်ရာမှနိမ့်သွားရုံကလွဲပြီး
ဘာမှပြောင်းမသွားခဲ့ပေ။ မိုးရာသီတွင် ဗွက်ထူ၍ နွေရာသီတွင် ဖုန်ထူ၏။
စီမံတိုင်းမဖြစ်၊ သူ့သဘော
သူဆောင်သည့် အနတ္တသဘောဟုသာ မှတ်ရတော့မလို။
လူချော ကိုယ့်အတွေးနှင့်ကိုယ်
လမ်းဆက်လျှောက်ရင်း ရွာဆီမှလာသော မင်္ဂလာသီချင်းသံကို ကြားရသည်။
တူနှစ်ဖြာ…. ဂဟေဆက်…..သွေမပျက်တဲ့
မေတ္တာ……
ဘယ်သူ မင်္ဂလာဆောင်ပါလိမ့်။
ပြန်လာရင်းကြုံလို့ နွဲရချည်သေး။
ဆိုင်ကယ်နှင့်လာနေသော လူငယ်တစ်ယောက်ကို
မင်္ဂလာဆောင်သတင်း မေးလိုက်မိသည်။
“ဘယ်သူမင်္ဂလာဆောင် တာလဲ ညီ”
“အော်….. ကိုလူချော ပါလား။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ မလွင်လွင်နဲ့
ကိုအောင်မောင်းတို့ မင်္ဂလာဆောင်ဗျ။”
“ဟာ..”