Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday 30 November 2015

ကျွန်မတို့ တာဝန်ကျေခဲ့ ကြတယ်




သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မ အပါအ၀င် တာဝန်ကျေခဲ့ကြသော မြန်မာနိုင်ငံသား အားလုံးကို ဂုဏ်ပြုမှတ်တမ်းစာတပုဒ် ရေးလိုက်ပါတယ်။ ပြည်သူတယောက်က ပြည်သူတွေကို ဂုဏ်ပြုတဲ့စာ၊ ကိုယ့်ကိုကိုယ် ပြန်ပြီးဂုဏ်ပြုစာလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက်လုံးမှာ ပြည်သူတွေ တာဝန်ကျေခဲ့ကြတယ်လို့ နိုင်ငံရေးသမားတွေ သုံးသပ်ကြတဲ့အတိုင်း၊ ၂၀၁၅မှာ ပြည်သူတရပ်လုံးနဲ့အတူ တာဝန်ကျေခွင့် ရခဲ့တာကို ကျွန်မ ကျေနပ်ပါတယ်၊၊ နောင်မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး၊ အသဲကြားက မဲပြားတွေကို ပုံအောပေးခဲ့ကြသူ အားလုံးကို လေးစားဂုဏ်ယူပါတယ်။

မှတ်မှတ်ရရ တသက်လုံးမှာ ဒီတကြိမ်တည်း မဲပေးခွင့် ကြုံပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်မ ၅တန်းပဲ ရှိသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ဘူး။ ဒီတကြိမ်တော့ အမိအရ မဲပေးချင်လွန်းလို့။ ဆာဘားကနေ ကွာလာလမ်ပူ၊ ကွာလာလမ်ပူကနေ ရန်ကုန်၊ လေယဉ်ခရီးစရိတ် အကုန်ခံပြီး မဲပြန်ပေးခဲ့ ပါတယ်။ ပထမအကြိမ် မဲစာရင်းမှာ ကျွန်မ နံမယ်မပါလို့ ပြန်လျှောက်ရတယ်။ ကိုယ်တိုင်လည်း မဲထည့်ရင်း၊ နီးစပ်ရာ ဆွေမျိုးတွေကို စည်းရုံးဖို့ စိတ်ကူးနဲ့ ပြန်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ ကျွန်မ ဆွေမျိုးတွေကို ဘာမှပြောစရာ မလိုဘူး၊ အမေစု ဘက်တော်သားတွေ ဖြစ်နေကြတယ်။ ကျေးလက်တောရွာက လူတွေအများစုဟာ ယုံကြည်အားကိုးရသော အစိုးရနဲ့ မကြုံဘူးတော့ အစိုးရကို မယုံချင်ကြဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမယ်လို့ ယုံကြည်ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်းစား ကြဘူး။ ဒါပေမဲ့ ပြောင်းအလဲကို မြင်ချင်လို့ NLD ကို မဲပေးခဲ့ကြတယ်။ နားလည်တဲ့လူတွေက အမေစုနဲ့ အမေစုကို ၀န်းရံကြသူတွေကို ယုံကြည်လို့ မဲပေးကြတယ်။ 

ရွေးကောက်ပွဲမတိုင်မှီ ကာလတွေမှာ NLD အောင်နိုင်ရေးအတွက် အချိန်ကုန်ခံ၊ ဖုန်းဘေလ် အကုန်ခံပြီး၊ နီးစပ်ရာ အချင်းချင်း မဲဆွယ်ကြတယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေ ပညာပေးမဲဆွယ်ကြတယ်။ မြို့ပေါ်က အမြင်ကျယ်သူတွေက ရွာက အသိဆွေမျိုးတွေကို လှမ်းဆွယ်ကြတယ်။ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ အများစု ပြည်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးခဲ့ ကြတယ်။ ပြည်သူတွေကို အားကိုးပြီး နိုင်ငံရေးလုပ်တဲ့ အမေအိုကိုယ်တိုင် အပင်ပန်းခံပြီး၊ မြန်မာပြည်အနှံ့ နယ်လှည့်ပြီး ဟောပြောစည်းရုံး ခဲ့တယ်။ ဒါပေမဲ့ အချို့ရွာတွေမှာ မဲထည့်နည်း ပညာပေးမှု အားနည်းပါတယ်။ နုံခြာတဲ့ ရွာသားတွေ တံဆိပ်တုံးထုပြီး မဲပေးရတော့ ပယ်မဲဖြစ်သွားတာ အတော်များပါတယ်။ မဲထည့်ပုံထည့်နည်းကို တအိမ်ဝင် တအိမ်ထွက် လိုက်ပြပေးထားတဲ့ ကျွန်မတို့ ရွာမှာတောင် ပယ်မဲတွေ ရှိတယ်။ တချို့ရွာက မဲရုံတွေမှာ ကိုယ်စားတံဆိပ်တုံး ထုပေးလို့ ပြသနာတက်တာတွေ ရှိပါတယ်။

ရွေးကောက်ပွဲကာလမှာ တပတ်ကျော်လောက် ကျွန်မ ရွာမှာရှိနေတုန်း ဆွေမျိုးတွေနဲ့ နိုင်ငံရေး တိုင်းပြည်အရေးတွေ ဆွေးနွေးဖြစ်ပါတယ်။ အချို့ကမေးတယ်၊ တကယ်အပြောင်းအလဲဖြစ်ဖို့ လွယ်ပါ့မလား ဖြစ်နိုင်ပါ့မလားတဲ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲထည့်ကြတဲ့ လူအများစု သက်ရှိထင်ရှား ရှိကြတုန်းမို့၊ NLD နိုင်လည်း အာဏာရမယ်လို့ မယုံရဲ ကြဘူး။ ကျွန်မလည်း သိနားလည်သလောက် ပြန်ဖြေပေးခဲ့ ပါတယ်။ ပြောင်းလဲဖို့ မလွယ်ပေမဲ့ ဖြစ်နိုင်ပါတယ်။ ဆက်သွယ်ရေး စနစ်တွေ ကောင်းလာသလို၊ လူတွေက အမြင်ကျယ်လာကြပြီ။ ပြောရဲ ဆိုရဲ ရှိလာကြပြီ။ ကြောက်လို့ ငြိမ်ခံနေကြမှာ မဟုတ်ဘူး။ NLD ကို မဲပေးဖို့က ပထမအဆင့်၊  NLD နိုင်သွားပြီဆိုရင် သတိထားပြီး စောင့်ကြည်ရမယ်။ NLD အစိုးရ တက်လာရင်လဲ နေ့ချင်းညချင်း တိုးတက်လာမှာ မဟုတ်ဘူး။ အချိန်ယူပြီး ပြုပြင်ရမယ်၊ ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ရှင်းစရာတွေ ရှိတယ်။ တရားဥပဒေကို လူတိုင်းတပြေးညီ လိုက်နာဖို့နဲ့၊ လာဒ်ပေးလာဒ်ယူ ပပျောက်ရေးကို ကျိန်းသေ လုပ်ပေးနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး စနစ်တွေကို ပိုကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ဖြေပေးခဲ့ ပါတယ်။

မဘသအဖွဲ့ ခိုင်မာနေတဲ့ ကျွန်မတို့ရွာမှာ မဲပေးသူဦးရေ ၁၄၀၀ ကျော်ရှိပြီး၊ ပြည်ခိုင်ဖြိုးက မဲ ၇၀ ကျော်နဲ့ အနိုင်ရပါတယ်။ ကျုံပျော်မြို့နယ်မှာ NLD နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရွာ အပါအ၀င် မဘသ ကြီးစိုးတဲ့ ရွာတွေမှာ ပြည်ခိုင်ဖြိုးက နိုင်ပါတယ်။ အမေစုနိုင်ရင် မြန်မာပြည်ကို မွတ်စလင်တွေ ကြီးစိုးလိမ့်မယ်လို့ ၀ါဒမှိုင်းတိုက်တာကို ယုံတဲ့လူတွေ ရှိတယ်။ လမ်းတွေခင်းပေး၊ လျှပ်စစ်မီးတွေပေးလို့ ဦးသိန်းစိန် အစိုးရကို ကောင်းတယ်လို့ ထင်ကြသူတွေ ရှိတယ်။ ကြောင်ရိုးရွာက မဘသ ဘုန်းကြီးတပါးက ဘာပြောလဲဆို NLD ကို မဲပေးကြတဲ့သူတွေဟာ ကျေးဇူးမသိတတ် ကြဘူးလို့ ဆိုပါတယ်။ ဆိုတော့က ၂၀၁၅မှာ NLDကို ထောက်ခံကြသူတွေဟာ ဦးသိန်းစိန် အစိုးရကို ကျေးဇူးကန်းသူတွေအဖြစ် သမိုင်းမှတ်တမ်းတင်ရမလို ဖြစ်နေပါတယ်။ ၀န်ကြီးတပါးပြောသလိုဆို ကျွန်မတို့က ကယ်တင်ရှင် ကျန်စစ်သားရဲ့ စေတနာကို နားမလည်ကြသူတွေအဖြစ် မှတ်တမ်းတင်ရမလို။ ဘယ်လိုပဲဖြစ်ဖြစ် NLD အနိုင်ရသွားတာကို အားရကျေနပ် ပါတယ်။

မဲစာရင်း အမှားတွေ၊ ၀ါဒမှိုင်းတိုက်မှုတွေ ရှိပေမဲ့ ကျွန်မတို့ ပြည်သူတွေ မညံ့ကြဘူး။ ပြည်သူတရပ်လုံးက အမေစုကို ထောက်ခံ အားပေးကြလို့ အပြောင်းအလဲလုပ်ဖို့ လှေကား တထစ်ကို တက်နိုင်ခဲ့ကြပြီ။ နောက်ထပ် လှေကားထစ်တွေ ကို ဆက်လှမ်းဖို့လည်း အားလုံးက သတိအနေအထားနဲ့အဆင်သင့် ရှိနေကြပါတယ်။ အမေစုက သန့်ရှင်းရေးလုပ်ဖို့ ပြောလိုက်တာနဲ့ လူငယ်တွေ အမှိုက်ကောက် နေကြပြီ။ အမေစု တခွန်းပြောလိုက်တာနဲ့ ပြည်သူတွေက လိုက်လုပ်ဖို့ အဆင်သင့် ဖြစ်နေကြတယ်။ ဖြောင့်မတ်သော အမေစုရဲ့ သြဇာညောင်းမှုက ပုဂ္ဂိုလ်ရေး ကိုးကိုယ်မှုနဲ့ ပုဂ္ဂိုလ်စွဲ ရှိတတ်ကြတဲ့ ပြည်သူအချို့အတွက် ကောင်းသော လမ်းညွှန်မှု ဖြစ်စေပါတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင်ခြင် နိုင်သူတွေဟာလဲ အမေစုရဲ့ တရားနည်းလမ်းကျသော ညွှန်ကြားချက်တွေကို ယုံကြည်လက်ခံ ကြပါတယ်။ ဒီအမေနဲ့ ဒီပြည်သူတွေ သွားမဲ့လမ်းမှာ အနှောင့်အယှက်ပေးမဲ့ တောကြောင်တွေရဲ့ ရန်ကိုတော့ ကျော်လွန်နိုင်ဖို့တော့ လိုပါတယ်။
ယုံကြည်ချက်မတူလို့ NLD ကို မဲမပေးကြတဲ့ လူတွေဟာလည်း ပြည်သူထဲက ပြည်သူတွေပဲမို့ စနစ်သစ်မှာ အားလုံးအတူတူ လက်တွဲသွားနိုင် ရပါမယ်။ အစိုးရသစ်ကို လွှတ်တော်ပြင်ပကနေ စောင့်ကြည့်သွားမယ်ဆိုသော ပုဂ္ဂိုလ်များကလည်း၊ အကူအညီ မပေးချင်နေ မနှောင့်အယှက်မပေးဘဲ စောင့်ကြည့်သွားရင် ကောင်းပါတယ်။ အတိုက်အခံ ဖြစ်သွားမဲ့ ပါတီဝင်တွေကလည်း ပြည်သူ့မျက်နှာကို ကြည့်ပြီး၊ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေ ပေးခြင်းဖြင့် ပြည်သူတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားဖို့ အခွင့်အရေး ရှိပါတယ်။ ရိုးသားမှုရှိမယ်၊ ပြည်သူ့ဆန္ဒအမှန်ကို လေးစားနားလည်မယ်ဆိုရင် ဘယ်ပါတီ အဖွဲ့အစည်းကိုမဆို ပြည်သူတွေ ထောက်ခံ အားပေးမှာပါ။

နိုင်ငံရေးစကားတွေထဲမှာ ငြိမ်းချမ်းရေး ဆရာကြီး ဒဂုန်တာရာရဲ့ ရန်သူမရှိ  မိတ်ဆွေသာ ရှိရမယ် ဆိုတဲ့စကားကို ကျွန်မ အကြိုက်ဆုံး။ အမေစုရဲ့ လမ်းစဉ်က ရန်သူကို မိတ်ဆွေဖွဲ့ပြီး တိုင်းပြည်ကို ကောင်းအောင် လုပ်သွားမဲ့ လမ်းစဉ်။ တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့တဲ့ တပ်မတော်က ပြည်သူတွေရဲ့ ရန်သူမဖြစ်သင့်ဘူး။ အာဏာရှင်စနစ်ကို မုန်းတဲ့ ပြည်သူတွေဟာလည်း တပ်မတော်ရဲ့ ရန်သူမဟုတ်ဘူး။ အခွင့်ထူးခံပြီး တိုင်းပြည်ကို မတရားအုပ်ချုပ်တာကို မလိုချင်တဲ့ ပြည်သူတွေရဲ့ သဘောထား အစစ်အအမှန်ကို နားလည်ရမယ်။ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက် မယ်ဆိုတဲ့ အမေစုရဲ့ သဘောထားကို တပ်မတော်က ကြိုဆိုလက်ခံသင့် ပါတယ်။ ပြည်သူတွေကြားက ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေ ပြည်သူတွေရဲ့ နှလုံးသားကို မြင်အောင်ကြည့် စေချင်ပါတယ်။ ပြည်သူတွေရဲ့ ဘ၀ကို စာနာနားလည်လို့ NLD ကိုမဲပေးခဲ့ကြတဲ့ တပ်မတော်သားများနဲ့ တပ်ဆွေ တပ်မျိုးများကိုလဲ ကျွန်မက ပြည်သူတယောက် အနေနဲ့ လေးစားဂုဏ်ယူပါတယ်။ အမေစုနဲ့  ပြည်သူတွေအကြား နှလုံးသားချင်း နီးနေသလိုမျိုး၊ တပ်မတော်နဲ့  ပြည်သူတွေအကြား နှလုံးသားချင်း နီးလာကြရင် တိုင်းပြည် အေးချမ်းသာယာမှာပါ။

ထို့အတူပဲ တိုင်းရင်သား အခွင့်အရေးအတွက် လက်နက်ကိုင် တော်လှန်ကြသူတွေကလည်း တိုင်းပြည်ရဲ့ ရန်သူမဟုတ်ဘူး။ တိုင်းရင်သားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်။ ကိုယ့်လူမျိုးရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရချင်တယ်။ လူတိုင်းမှာ ဇာတိသွေး ဇာတိမာန် ကိုယ်စီရှိကြတာမို့ ရိုးသားတဲ့ တိုင်းရင်းသားတွေမှာလည်း ဇာတိမာန် ရှိကြတယ်။ အနှိမ်မခံချင်ဘူး၊ ဖိနှိပ်ချုပ်ချယ်တာကို မကြိုက်ကြဘူး။ အမျိုးကို ထိရင်နာတတ် ကြတယ်။ ကိုယ့်လူမျိုးကို သူများ အထင်သေး စော်ကားတာ မခံချင်ဘူး။ တိုင်းရင်းသားတွေရဲ့ နှလုံးသားမှာ စူးနေတဲ့ အမုန်းအငြှိုး ဆူးတွေကို ပြန်နှုပ်ပေးပြီး၊ စိတ်ဒဏ်ရာ နာကြည်းချက်တွေကို ပြန်ကုစား ရမယ်။ တော်လှန်တာတွေ ရပ်သွားအောင် ဘူးလက်နဲ့ အပြတ်ရှင်းလို့ မရဘူး၊ မေတ္တာနဲ့ ငြိမ်းချမ်းရေးကို တည်ဆာက်ရမယ်။ အနှိုင်းမဲ့ မေတ္တာရှင် အမေစုရဲ့ အရိပ်အောက်မှာ လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်ရင်ဖြင့် ပြည်တွင်းစစ်ငြိမ်းလို့ မြန်မာပြည်ကြီး အမှန်တကယ် ငြိမ်းချမ်းပါလိမ့်မယ်။

မေတ္တာဖြင့် တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုသော ကျွန်မတို့ရဲ့ အမေစု မြန်မာပြည်ကို ဦးဆောင်ခွင့်ရမယ်လို့ မျှော်လင့် ပါတယ်။ နှလုံးသားဖြင့် တိုင်းပြည်ကို တည်ဆောက်ကြမဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျွန်မတို့ ပြည်သူတွေက နှလုံးသားနဲ့ ကြိုဆိုပါတယ်။ အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ ညီညွတ်ကြရမယ်ဆိုတာ လူတိုင်းနားလည် ကြပါလိမ့်မယ်။ 
 အမှန်တကယ် ပြောင်းလဲဖို့ ကျွန်မတို့ တာဝန်သိတတ်စွာ မဲပေးခဲ့ပြီးပြီ။ ရှေ့ဆက်ပြီး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့၊ ကျွန်မတို့ တဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ပြုပြင်ရမယ်။ စည်းကမ်းရှိခြင်း၊ ယဉ်ကျေးခြင်း၊ ကိုယ်ကျင့်ကောင်းအောင် စောင့်ထိန်းခြင်း စတဲ့အကျင့်ကောင်းတွေကို မွေးမြူကြရမယ်။ အချင်းချင်း အပြန်အလှန် လေးစားချစ်ခင်တတ်ခြင်း၊ သီးခံခွင့်လွတ်နိုင်ခြင်း၊ သဘောထားကြီးခြင်း စတဲ့နှလုံးရည်တွေ ပြည့်ဝအောင် ကြိုးစားရမယ်။ နိုင်ငံသားကောင်း ပီသအောင် နေထိုင်ခြင်းဖြင့် ကမ္ဘာမှာ မြန်မာတွေ မညံ့ဘူးဆိုတာကို ပြရမယ်။

ရွှေပြည်တော်ကို မျှော်ကြည့်လိုက်တော့ နီးလာသလိုရှိပေမဲ့ ခရီးက ဝေးပါသေးတယ်။ ဒီနေ့ထိ ခရီးရောက်အောင် ပေးဆပ်ခဲ့ရတဲ့ အသက်အိုးအိမ်တွေ၊ သွေးမြေကျခဲ့တာတွေကို ပြန်စဉ်းစားလိုက်ရင် ကျွန်မတို့ တာဝန်ကျေကြတယ် ဆိုတာ ဘာမှမပြောလောက်ဘူး။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အသက်ပေးခဲ့သူတွေ၊ ဘ၀တခုလုံး ပေးဆပ်ခဲ့ကြသူ အားလုံးကို ဦးညွှတ်ပါတယ်။ တတပ်တအား ပါဝင်ပြီး အာဏာရှင်စနစ်ကို ပြိုင်တူတွန်းခဲ့ကြသော ပြည်သူအားလုံးကိုလည်း ချစ်ခင်လေးစားစွာဖြင့် မိုးမခ စာမျက်နှာကနေ ဂုဏ်ပြုလိုက်ပါတယ်။


မြန်မာပြည် ငြိမ်းချမ်းပါစေ။

စံပယ်ဖြူ
၂၉၊၁၁၊၂၀၁၅။


No comments:

Post a Comment