Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Monday 27 July 2015

ရွှေပင်လယ်ကြီး ကာဆီးထားလို့…




ကျွန်မရဲ့ ဘ၀ရထား ဆိုက်ရောက်လာတဲ့ ဆာဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူးမြို့က နေ့စဉ်ဘ၀အကြောင်းကို ပြန်လည်မျှဝေ ချင်ပါတယ်။                                                         KK လို့အတိုကောက်ခေါ်တဲ့ Kota Kinabalu မြို့က ပင်လယ်ကြီး ပတ်လည်ဝိုင်းထားတဲ့ သာယာသောမြို့လေးမို့ ခရီးသွားဧည့်သည်တွေ ပျော်မွေ့တဲ့ မြို့လေးပါ။ ဘ၀ရထားပေါ်မှာ အဆင်ပြေသလို သွားနေတဲ့ ကျွန်မလည်း ဆားဘားရောက် ဧည့်သည့်ပါပဲ။ ဒီမြို့မှာ ပျော်နေတယ်လို့ မဆိုချင်သော်လည်း၊ နေပျော်တယ်တဲ့ နေရာလေးပါ။ 

ဆာဘားပြည်နယ်က တိုင်းရင်းသားလူမျိုးစုံ စုပေါင်းနေထိုင်တဲ့ ဒေသပါ။ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလို့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်စရိတ်တွေ ကွာလာလမ်ပူမှာထက် ပိုဈေးကြီးပါတယ်။ ပတ်ဝန်းကျင် စိမ်းစိမ်းစိုစို ရှိပြီး၊ ဆိတ်ငြိမ်တဲ့ မြို့လေးမို့ ကျွန်မ သဘောကျပါတယ်။ ကွာလာလမ်ပူမှာလို စိတ်မွန်းကြပ်စရာတွေ မရှိဘူး။ လေရှူလို့ကောင်းတယ်။ အသက်ရှုချောင် ပါတယ်။ ရာသီဥတုက ပူတဲ့အချိန် မတရားပူပြီး၊ မိုးရွာရင်လည်း မို့သက်လေပြင်း ကျလေ့ရှိပါတယ်။ ရာသီဥတု ကြည်လင်နေရင် ပင်လယ်ရေပြင်မှာ ယိမ်းကသလို ဟန်ချက်ညီတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ မိုးသည်းလေထန်ရင် ဒေါသတကြီး ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတာ ရင်သပ်ရှုမောစရာ။ ဧရာဝတီတိုင်းမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ပဲ ရင်းနှီးခဲ့တဲ့ ကျွန်မ အခု ပင်လယ်ကြီးနဲ့ နီးနီးကပ်ကပ် နေရတော့ ပင်လယ်ကြီးရဲ့ အလှနဲ့ အားမာန်ကို ခံစားသိခွင့်ရ ပါတယ်။


ဒီမြို့ကို ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပေမဲ့ အခုရောက်လာပါတယ်။ ဟိုတုန်းကလည်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့  စိတ်ကူးမရှိခဲ့ပေမဲ့ နှစ်ရှည်လများ နေနေဖြစ်ပါတယ်။ တရားသဘောနဲ့ ဆင်ခြင်ပြီး၊ အကောင်းမြင်ကြည့်မယ်ဆိုရင် သံသရာမှာတော်စပ်ခဲ့တဲ့ ဆွေဟောင်း မျိုးဟောင်းတွေနဲ့ ပြန်ဆုံခွင့်ရတယ်လို့ သဘောထား ရမှာပါ။ ဘယ်နေရာဒေသ ရောက်ရောက် မိမိယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ရင်း၊ တွေ့တဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရင်း  ဘ၀ခရီးအစုန်အဆန်ကို ကျော်ဖြတ်ခဲ့တာ ဒီနေ့အထိ ရောက်လာခဲ့ပြီ။ ဘယ်အချိန်ထိလဲ၊ ဘယ်ကိုဆက်သွားမလဲမေးရင် အခြေအနေအရပဲလို့ ဖြေနေကျအတိုင်း ဖြေမှာပါ။ မလေးရှားမှာ နေတာကြာလာတော့ ဒီမှာပဲ အခြေချတော့မလားလို့ အပေါင်းအသင်းတွေက မေးလာတိုင်း ကျွန်မ ခါးခါးသီးသီး ငြင်းလေ့ရှိပါတယ်။ လက်ရှိ အနေအထားမှာ အဆင်ပြေနေပေမဲ့ ဒီမြေမှာ ကျွန်မက ဧည့်သည်။ ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ရမယ်။

မလေးရှားမှာ ဆားဘားပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တခုဖြစ်ပါတယ်။  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဆိုသော ဆာဘားမလေးရှားတက္ကသိုလ်က သူနာပြုဌာနမှာ သင်ကြားရေး ဆရာအဖြစ် ကျွန်မ တာဝန်ထမ်းဆောင် နေပါတယ်။ ဒီမိုကရေစီနိုင်ငံပါလို့ ကြွေးကြော်နေတဲ့ မလေးရှားနိုင်ငံရဲ့က ချိန်ခွင်လျှာ တဖက်စောင်းတဲ့ သာသာထိုးထိုး ဒီမိုကရေစီလို့ ဆိုနိုင်ပါတယ်။ ရေခံမြေခံကောင်းတဲ့ မလေးရှားနိုင်ငံဟာ ခေါင်းဆောင်ပိုင်းက အုပ်ချုပ်မှုကောင်းရင် ဖွံ့ဖြိုးတဲ့နိုင်ငံ တခုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အာဏာရှင်ဆန်မှုနဲ့ အဂတိလိုက်စားမှုတွေ ပိုဆိုးလာပြီမို့ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပါတယ်။ မြန်မာပြည်က အဘတွေရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီထက်တော့ သာပါသေးတယ်။ သူ့တိုင်းပြည်မှာ အထင်ကရ တက္ကသိုလ်တွေ ရှိတယ်။ အရည်အချင်း မှီသူတိုင်း တက္ကသိုလ် ကောလိပ်တက်ဖို့ အထောက်အပံ့တွေ ရတယ်။ ဘွဲ့ရတယောက်ရဲ့ အနိမ့်ဆုံးလစာ ရင်းဂစ် ၂၀၀၀ (မြန်မာငွေ ၆သိန်းကျပ်)၊ အလုပ်သမား တယောက်ရဲ့ အနိမ့်ဆုံးလစာ ရင်းဂစ် ၉၀၀ (မြန်မာငွေ ၂သိန်း ၇ သောင်း၊ တနေ့ဝင်ငွေ ၉၀၀၀ ကျပ်)ပါ။ 

တက္ကသိုလ်တွေမှာ ပညာရေးလွတ်လပ်ခွင့် (Academic Freedom) အပြည့်အ၀ မရှိပေမဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံနဲ့ ငွေကြေးထောက်ပံ့မှုတွေ အပြည့်အ၀ ပေးနိုင်တာကိုတော့ ချီးကျူးစရာ ကောင်းပါတယ်။ အစိုးရတက္ကသိုလ်တွေမှာ သူနာပြုနဲ့ ဆေးကျောင်းသားတွေကို အစိုးရက ပညာသင်ဆုပေးထားတယ်။ တက္ကသိုလ်ကိုပေးရမဲ့ ကျောင်းဝင်ကြေး၊ အဆောင်ကြေးကို အစိုးရကပေးပါတယ်။ ဒါ့အပြင် လစဉ်အသုံးစရိတ် သီးသန့် ပေးပါတယ်။ မိဘတွေ ဘာမှကုန်ကျ စရာမလိုဘူး။ သင်ကြားရေးဆရာတွေနဲ့ ၀န်ထမ်းတွေကို လုံလောက်တဲ့ လစာပေးထားပြီး၊ ရာထူးအလိုက် အကျိုးခံစားခွင့်တွေ ပေးထားပါတယ်။ အကျိုးခံစားခွင့်နဲ့အတူ တာဝန်ယူမှု တာဝန်ခံမှုတွေလည်း ရှိရပါတယ်။ တခါတလေ အလုပ်ကို အိမ်ပြန်ယူသွားပြီး၊ အိမ်စာလုပ်သလို အချိန်ပိုပေး ရတာတွေ ရှိပါတယ်။ အကျိုးခံစားခွင့်ကို ပိုပိုသာသာယူပြီး၊ အလုပ်ကို ပေါ့ပေါ့လေးလုပ်တဲ့ ၀န်ထမ်းတွေလည်း ရှိပါတယ်။ တာဝန်သိတတ်မှုနဲ့ စီမံခန့်ခွဲမှုမှာ အားနည်းမှုတွေကြောင့် လက်ရှိမလေးရှားနိုင်ငံရဲ့ ပညာရေး စီးပွားရေး အခြေအနေ သိသိသာသာ ဆုတ်ယုတ်နေ ပါတယ်။

တက္ကသိုလ်ဆိုတာ သုတေသနတွေ ရှင်သန်ရမဲ့နေရာဖြစ်လို့ သင်ကြားရေးဆရာများကို မဖြစ်မနေ သုတေသနလုပ်ဖို့ တွန်းအားပေးပါတယ်။ လုံလောက်တဲ့ ငွေကြေးထောက်ပံ့မှုပေးပြီး တွန်းအားပေးတာပါ။ သုတေသန တခုအတွက် အနည်းဆုံး ရင်းဂစ် ၁သောင်း (မြန်မာငွေ သိန်းသုံးဆယ်ဝန်းကျင်) ချပေးပါတယ်။ သုတေသန ပရောဂျက်ကြီးရင် ရင်းဂစ် ၃သောင်းကနေ ၁သိန်းကျော်ထိ ပေးပါတယ်။ သုတေသန တွေ့ရှိချက်တွေကို ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ရေးသားဖော်ပြနိုင်မှ ရာထူးတိုးပေးတာမျိုး၊ အသစ်ခန့်တဲ့ သင်ကြားရေးဆရာတွေကို အတည်ပြုခန့်အပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ သင်ကြားရေး ဆရာတွေရဲ့ စဉ်ဆက်မပြတ် ပညာရေးအတွက် ပြည်တွင်းပြည်ပ စာတမ်းဖတ်ပွဲတွေ၊ ပညာရပ်ဆိုင်ရာ ညီလာခံတွေတက်ဖို့ ကုန်ကျစရိတ်တွေ အားလုံးကို တက္ကသိုလ်က ကုန်ကျခံပါတယ်။ ခုနောက်ပိုင်း ဘတ်ဂျက်လိုငွေပြနေလို့ ကန့်သတ်ချက်တွေ ရှိလာပါတယ်။ ပညာတတ်တွေကို လူမှန်နေရာမှန်ထားပြီး၊ ပညာတတ်တွေရဲ့ စွမ်းရည်ကို အပြည့်အ၀ အသုံးချပါတယ်။ သက်ပြည့်ပင်စင် ရသွားတဲ့ ကထိက၊ ပါမောက္ခတွေကို စာချုပ်နဲ့ အလုပ်ပြန်ခန့်ပါတယ်။ 

ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှမ်းတမ်းတွေကို လေးနှစ်တကြိမ်လောက် ပြန်လည်သုံးသပ် ပြင်ဆင်လေ့ရှိပါတယ်။ သင်ခန်းစာ တခုချင်းစီကို သင်ကြားမဲ့ ဆရာက ကိုယ်တိုင်ပြင်ဆင်ရတယ်။ ပြဌာန်းစာအုပ်တွေ မထားတော့ဘူး။ ရည်ညွှန်းစာအုပ်တွေကို ရှာကြည့်ပြီး သင်ခန်းတွေကို ပါဝါပွိုင့်နဲ့ ပြင်ရပါတယ်။ စာမေးပွဲ မေးခွန်းကို သင်တဲ့ဆရာကပဲ ပေးရတယ်။ စာမေးပွဲရက်နီးရင် ဆရာတွေအားလုံး စုဝေးပြီး မေးခွန်းတပုဒ်ချင်းစီကို အသေးစိတ်စစ်ဆေး ပြင်ဆင်ကြ ပါတယ်။ တက္ကသိုလ်ဆရာတွေ ကျူရှင်ပေးတယ် ဆိုတာမရှိသလို၊ တက္ကသိုလ်ကျောင်းသားတွေ ကျူရှင်တက်ရ တယ်ဆိုတာ မရှိပါဘူး။ စာတကယ် ကြိုးစားရင် စာမေးပွဲအောင်တယ်၊ အမှတ် ကောင်းကောင်း ရပါတယ်။ ကျောင်းသားတွေ စာကျက်တယ် ဆိုတာလည်းမရှိဘူး။ ဖတ်တယ်၊ မှတ်တယ်၊ အချင်းချင်း အပြန်အလှန် စာဆွေးနွေး ကြပါတယ်။ စာမကြိုးစားပဲ ပေါ့ပေါ့နေတဲ့ ကျောင်းသားတွေလဲ ရှိပါတယ်။ အိုင်ဖုန်းနဲ့ လက်(ပ)တော့ကို ကျောင်းသားတိုင်း သုံးနိုင်ကြတော့ သူတို့သိချင်တာကို အင်တာနက်မှာ အလွယ်တကူ ရှာနိုင်ပါတယ်။ အတန်းထဲမှာ စာမေးရင် ကျေးဇူးရှင်တွေက ဂူးဂဲလ်မှာ ရှာပြီးပြန်ဖြေ ကြပါတယ်။ 

လန်းဆန်းတက်ကြွတဲ့ ကျောင်းသားလူငယ်တွေနဲ့ နေရတာ ပျော်စရာတော့ ကောင်းပါတယ်။ ပညာမျှဝေခြင်းနဲ့ စဉ်ဆက်မပြတ် ပညာဆည်းပူးလေ့လာခြင်းကို ကျွန်မ မွေ့လျော်ပါတယ်။ မြန်မာပြည်မှာတုန်းက သူနာပြု ကျောင်းသူတွေနဲ့ ပျော်ခဲ့ပေမဲ့ အစိုးရ၀န်ထမ်းလုပ်သက် လေးနှစ်ကျော်အထိပဲ တောင့်ခံနိုင်ခဲ့ပါတယ်။ နိုင်ငံခြားမှာ ဘယ်တော့မှ အလုပ်သွားမလုပ်ဘူး၊ ပညာတော်သင်ပဲသွားမယ်ဆိုတဲ့ အတွေးမျိုးနဲ့ လေထဲမှာတိုက်အိမ် ဆောက်ခဲ့ဖူးတာကို  ပြန်တွေးကြည့်ရင် တော်တော် ရယ်စရာကောင်းပါတယ်။ လေထဲက တိုက်အိမ်ကလေး လေထဲမှာ ကျန်ခဲ့ပြီး၊ ကျွန်မက မလေးရှားမှာ သောင်တင်နေတာ နှစ်တွေကြာလှပြီ။ ပျော်လို့နေနေတာ မဟုတ်ပေမဲ့ ရွှေပြည်တော်ကို မျှော်လေတိုင်း ဝေးနေတုန်းမို့ တော်ရာမှာနေ၊ အတွေ့အကြုံ ဗဟုသုတတွေ စုဆောင်းရင်း သူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေပါတယ်။

မလေးရှားမှာ ကျွန်မ တကိုယ်ရည်တကာရ နေထိုင်သွားလာနေတာ ကျင့်သားရ သလိုတော့ရှိပါတယ်။ ငယ်ငယ်က ကိုယ့်ကိုကိုယ် သိပ်ထင်ထားခဲ့တာ။ တယောက်ထဲလည်း နေနိုင်တယ်။ တခြမ်းထဲလည်း နေတတ်တယ်လို့ မာန်တက်ခဲ့တာကို ပြန်သတိရမိပါတယ်။ တကယ်တမ်းကျတော့ တယောက်ထဲနေရတာ ထင်သလောက် မလွယ်ဘူးဆိုတာ လက်တွေ့သိလာပါတယ်။ အထူးသဖြင့် ဘေးအန္တရာယ် လုံခြုံမှုမရှိတဲ့ မလေးရှားလို တိုင်းပြည်မျိုးမှာ တယောက်ထဲ နေရတာ တော်ရုံသတ္တိနဲ့ မရပါဘူး။ တခါတလေ သတ္တိတွေ အရည်ပျော် အငွေ့ပျံသွားလို့ ကြောက်စိတ်၊ ၀မ်းနည်း အားငယ်စိတ် ၀င်လာပါတယ်။ တယောက်ထဲနေပြီး ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် သဟဇာတ မဖြစ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး တရားလည်းကျမိ ပါတယ်။ 

ကျွန်မလိုပဲ မြန်မာပြည် အပြင်ဘက်ရောက်နေသူတွေ အများစု  ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည် ကိုယ့်မြေမှာပဲ ပျော်ချင်သူ တွေပါ။ မြန်မာပြည်ကို မခင်တွယ်တတ်တဲ့ လူတွေလည်း ရှိမှာပါ။ ကိုယ့်မြေ မသာယာတော့ သူ့မြေမှာ သူ့ဆန်စား ရဲရနေရတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ ကွာလာလမ်ပူ မြန်မာသံရုံးမှာ ဆန္ဒပြကြတယ်။ မြန်မာပြည်က ရိုဟင်ဂျာဆိုသူတွေကို နိုင်ငံသားအခွင့်အရေး မပေးရင် မြန်မာတွေကို မလေးရှားမှာ အလုပ်လုပ်ခွင့် မပေးရေး၊ မလေးရှားအစိုးရအနေနဲ့ မြန်မာပြည်ကို စီးပွားဖက် မဆက်ဆံရေးအတွက် ကန်ပိန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ မလေးရှားမှာ ပုဂ္ဂလိက လုပ်ငန်းရှင်အများစု တရုတ်တွေ ဖြစ်ပါတယ်။ မလေးရှား တရုတ်တွေ ခိုင်းကောင်းတဲ့ မြန်မာတွေကို လိုအပ်နေဆဲပါ။ ကွာလာလမ်ပူက တရုတ်နဲ့ ကိုရီးယား စားသောက်ဆိုင်တိုင်းမှာ မြန်မာစားပွဲထိုးတွေ ရှိပါတယ်။ မလေးရှားမှာ စီးပွားရေးလာလုပ်တဲ့ ကိုရီးယားတွေ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ဖြစ် နေကြပါတယ်။ သူများတိုင်းပြည်က ဘွဲ့ရတွေ ကျော့ကျော့လေး အလုပ်လုပ်နေချိန်မှာ မြန်မာပြည်က ဘွဲ့ရအချို့ မလေးရှားက စားသောက်ဆိုင်မှာ စားပွဲထိုး ပန်းကန်ဆေးနေကြတယ်။ ကိုယ့်တိုင်းပြည် သာယာရင် ဘယ်သူမှ သူများတိုင်းပြည်မှာ အောက်ကျနောက်ကျ အလုပ်တွေကို သွားလုပ်မှာ မဟုတ်ဘူး။ 

မြန်မာတွေ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်စရာမလိုတဲ့ နေ့ရက်တွေ ရှိလာနိုင်မလား တွေးကြည့်လိုက်တော့ မသေချာ။ သဘာဝအရင်းအမြစ်နဲ့ လူသားအရင်းအမြစ်ကို စနစ်တကျ အသုံးချတတ်တဲ့ ခေါင်းဆောင်တွေ နေရာမရသရွေ့ မြန်မာတွေရဲ့ဘ၀က လုံးပါးပါးနေမှာပါ။ ကျွန်မလည်း လုံးပါး မပါးသေးခင် ရွှေပင်လယ်ကြီး ကာဆီးထားတဲ့မြို့မှာ ခိုနားတဲ့အခိုက် အလုပ်တာဝန်ကို ကျေပွန်အောင် လုပ်ပေးရင်း၊ တခါတရံ အိမ်ပြန်ချိန်ကို မေ့ထားလိုက်ပါတယ်။ တခါတလေတော့လည်း ပင်လယ်ကြီးကိုကျော်ပြီး၊ အမိမြေကို လှမ်းမျှော်ကြည့်မိပါတယ်။ လှမ်းမျှော်ကြည့်မိတိုင်းလည်း ရင်မောရပါတယ်။ ပင်လယ်ရေပြင်ကို ငေးမောကြည့်မိတဲ့ အခိုက်မှာတော့ တခဏတာ အမောပြေသွား ပါတယ်။ ပင်လယ်ကြီးကပေးတဲ့ သဘာဝအားဆေးကို မှီဝဲရင်း ဆာဘားရောက် ဘ၀စာမျက်နှာ အချို့ကို ဒီစာရေးပြီး မှတ်တမ်းတင်လိုက် ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ







No comments:

Post a Comment