Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday 15 April 2015

အဆင်မပြေမှုများနဲ့ မြန်မာပြည်




မြန်မာပြည်ကို (၅)လတိတိ ပြန်ရောက်နေချိန်မှာ စိတ်ဘ၀င်မကျစရာ အကြောင်းအရာတွေကို ပေါင်းစုပြီး စာတပုဒ် ချရေးလိုက် ပါတယ်။ ဘယ်အရာမဆို အဆင်ပြေသလို လုပ်နေကျတဲ့အကျင့်၊ နားလည်မှုနဲ့ လုပ်ကြတယ်ဆိုတဲ့ ဓလေ့တွေ အရိုးစွဲနေတာ သူ့ဟာသူတော့ အဆင်ပြေနေကြ ပါတယ်။ အရာရာတိုင်းကို စည်းကမ်းတကျ၊ စနစ်တကျ ဖြစ်စေချင်သူတွေအတွက် အဲဒီနားလည်မှု ဆိုတဲ့ဟာတွေက စိတ်ဘ၀င်မကျ စရာပါ။ အသေးအမွှား ကိစ္စလေးတွေလို့ ထင်ရပေမဲ့ ပြုပြင်သင့်တာတွေမို့ မြင်တွေ့ခဲ့သမျှကို ပြန်လည်မျှဝေလိုက် ပါတယ်။

မြန်မာပြည် ပြန်ရောက်တုန်း သက်တမ်းကုန် နေပြီဖြစ်တဲ့ ကျွန်မရဲ့ သူနာပြုလိုင်စင်ကို သက်တမ်းတိုးဖို့ သူနာပြု သားဖွားကောင်စီမှာ ဖောင်သွားယူပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါတယ်။ ရဲစခန်းထောက်ခံစာပါ လိုအပ်တဲ့အတွက် ရွာပြန်တော့ ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထောက်ခံစာ သွားယူပါတယ်။ ရဲစခန်းက လိုတာတွေ မေးပြီး ထောက်ခံစာကို အလွယ်တကူ ပေးလိုက်ပါတယ်။ တထောင်ကျပ် ပေးရမယ်ဆိုလို့ ကျွန်မ အလွယ်တကူပဲ ပေးလိုက်ပါတယ်။ ငွေတထောင်ကျပ်ကို ရဲက သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပါတယ်။ တကယ်ဆို ငွေရပြေစာလေး ထုတ်ပေးရမယ်။ ကောက်ယူထားတဲ့ ငွေတထောင်ကျပ်က တိုင်းပြည် ဘဏ္ဍာ သို့မဟုတ် ဌာနဆိုင်ရာ အသုံးစရိတ်အတွက် စားရင်ဝင်သွားရမယ် မဟုတ်လား။ ထောက်ခံစာ တခါထုတ်ပေးရင် ငွေတထောင်၊ လူတရာ လာတဲ့အခါ ငွေတသိန်း၊ ဒီငွေတွေ ဌာနအသုံးစရိတ် မဖြစ်တော့ပဲ ဇီးသီးပန်းကန် မှောက်ကျသလို ဟိုလွင့်ကျ ဒီလွင့်ကျ။ နှစ်ပေါင်းများစွာ ဒီလိုပဲ အဆင်ပြေနေတဲ့ ကိစ္စလေးက ကျွန်မ စိတ်ထဲမှာတော့ အဆင်မပြေပါ။ 

ဌာနဆိုင်ရာ အသီးသီးမှာ ဒီလိုအသေးအမွှားကစလို့ ငွေကြေးပမာဏ များစွာအထိ လေ့လွင့်နေလို့ တတိုင်းပြည်လုံး မွဲပြာကျ နေတာကို သိကြပြီးသားပါ။ ဇီးသီးထုတ် ပေါက်ကျတဲ့ အဖြစ်ကလေးတခုကိုလည်း ရယ်စရာအဖြစ် ပြောပြချင်သေးတယ်။ မလေးရှားမှာ သိကျွမ်းခဲ့တဲ့ ကရင်လေးတယောက် သူ့ရဲ့ဆယ်တန်းအောင်လက်မှတ်နဲ့ အမှတ်စားရင်ကို နိုတြီပြန်ပြီး ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်မ အကျိုးဆောင်ပေးလိုက် ပါတယ်။ အမှတ်စာရင်း မူရင်း မရှိတော့လို့ အာစီတူးက ဇွဲကပင်ဆောင်မှာ သွားယူပေးရတယ်။ ငွေလေးရာကျပ်ပဲ ပေးရတယ်။ ချက်ချင်းထုတ် ပေးလိုက်ပါတယ်။ ငွေလေးရာကျတယ်ဆိုတော့ ကျွန်မက ငါးရာတန် ပေးလိုက်ပါတယ်။ ငွေကောက်တဲ့ ၀န်ထမ်းက အကြွေတရာ မရှိဘူးလို့ပြောပါတယ်။ ဒါနဲ့ ကျွန်မက ငွေလေးရာကျပ် အကြွေကို အိတ်ထဲမှာ ရှာပြီးပေးမယ် လုပ်တော့ ၀န်ထမ်း အမျိုးသမီးက၊ မဟုတ်ဘူးအမ ကျွန်မက တရာ မရှိတာလို့ ဆိုပါတယ်။ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်သွားရာ သဘောပေါက် လိုက်ပါတယ်။ အမ်းရမဲ့ ငွေတရာကို မယူတော့နဲ့လို့ ဆိုလိုတာပါ။ အစိုးရဌာနတွေကို သွားရင် သူတို့သဘောတွေကို ဘာသာပြန်တတ်ဖို့ လိုပါတယ်။ ငွေတရာ ဘာမှမပြောပလောက်ဘူး ဆိုပေမဲ့ ဒါလည်း လေလွင့်တမျိုးပါ။ ငွေတရာကျပ်တွေ ပေါင်းလိုက်ရင် ထောင်၊သောင်း၊ သိန်းဂဏန်းတွေ ဖြစ်လာတယ် မဟုတ်လား။

အဆင်ပြေသလို လုပ်စားနေကြရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ နှလုံးထီ၊ သုံးလုံးထီရောဂါဟာ ကင်ဆာလို့ အမြစ်စွဲ နေပါတယ်။ ငွေကို လွယ်လွယ်ရချင်တော့ နှလုံးထီထိုး၊ ဒိုင်ခံကြတာ လူနည်းစု ချမ်းသာသွားကြပြီး၊ အများစုကတော့ မွဲသွားကြပါတယ်။ ရှိတာတွေ အကုန်ပြောင်လို့ ကြွေးပတ်လည် ၀ိုင်းနေပေမဲ့ အမြစ်စွဲနေတဲ့ ရောဂါက ပျောက်မသွား ပါဘူး။ ကြားက အမြတ်ထွက်တဲ့ သူတွေကတော့ ပြည်သူ့ရဲများ ဖြစ်ပါတယ်။ ချဲဒိုင်ခံတဲ့သူတွေ၊ ကော်မရှင်စားတဲ့ သူတွေက အဖမ်းမခံရအောင် ရဲတွေကို ဆက်ကြေးအမြဲပေး ရပါတယ်။ ခုနောက်ပိုင်း ချဲဒိုင်ခံတဲ့လူတွေ နည်းသွားတာကြောင့် ဆက်ကြေးရတာ နည်းသွားတယ်။ ကျွန်မတို့ရွာမှာ ဆက်ကြေးလာယူတဲ့ ရဲတယောက်က တွက်ခြေမကိုက်တော့ဘူးလို့ ညည်းတယ်ဆိုလို့ ကျွန်မ စိတ်ပျက်မိ ပါတယ်။ ရဲတွေ တွက်ခြေကိုက်ဖို့ ကျွန်မတို့ ရွာသားတွေ  မွဲဆေးဖော်တဲ့ အလုပ်ကို ဆက်လုပ်ရမလို ဖြစ်နေပါတယ်။ 


မြန်မာပြည်မှာ အောက်ခြေ၀န်ထမ်းကစလို့ အထက်အရာရှိအဆင့်ထိ လုပ်ပိုင်ခွင့်အလိုက် အကြံအဖန်လုပ် တိုလျှိုနေကြလို့ ကျွန်မတို့ တိုင်းပြည်လည်း တက်တက်ပြောင်မက အကြွေးထူနေပြီ။ အစိုးရ၀န်ထမ်းလုပ်ရင် အကြံအဖန် လုပ်တတ်မှ။ အပြင်စီးပွားရေးလုပ်ရင် လည်သလို လုပ်စားတတ်မှ။ အဆင်ပြေသလို လုပ်စားနေရတဲ့ခေတ်မှာ အဆင်မပြေ ကြသူများကတော့ သူများတိုင်ပြည်မှာ သွားလိုက်ပြန်လိုက်။ ကျွန်မ ပြန်ရောက်ခါစက အဆင်ပြေတဲ့ အလုပ်များရရင် မြန်မာပြည်မှာပဲ ပြန်လုပ်ရင် ကောင်းနိုး စိတ်ကူးမိပါသေးတယ်။ သူနာပြုတွေအတွက် ဘယ်တိုင်းပြည်မှာမဆို အလုပ်ကပေါ ပါတယ်။ မြန်မာပြည်မှာ လုပ်သက်ရင့် သူနာပြု တယောက်ရဲ့  အမြင့်ဆုံးလစာ (၅)သိန်း အလွန်ဆုံးပါ။ လစာ (၅)သိန်းနဲ့ ရန်ကုန်မှာ ပြန်လုပ်ဖို့ အဆင်မပြေသေးဘူး လို့ဆိုရင် လွန်တယ်လို့ မမှတ်စေချင်ဘူး။ ရန်ကုန်မှာ အိမ်ပိုင်မရှိတဲ့ ကျွန်မ အခန်းငှားနေရင် အိမ်အသုံးအဆောင် ပစ္စည်းတွေမပါ (၁)သိန်းခွဲ၊ (၂)သိန်း ကုန်ပါမယ်။ စားစရိတ် အထွေထွေ အသုံးစရိတ်တွေ ပေါင်းလိုက်ရင် ရတဲ့လစာ ပြောင်ပြီ။ လိုင်းကားစီးပြီး အလုပ်သွားမယ်ဆိုရင် စည်းမဲ့ကမ်းမဲ့ ယဉ်းမောင်းသူတွေရဲ့လက်ထဲ အသက်ချောင်းကို ပုံအပ်ထားမှ ဖြစ်မှာပါ။ 

မြန်မာပြည် နယ်အရပ်ရပ်က ဘွဲ့ရပညာတတ် မိန်းကလေးတွေ ရန်ကုန်မှာ ရတဲ့လစာနဲ့ အလုပ်လုပ်ရင်း ကြိုးစားရပ်တည် နေကြတာကို ကျွန်မမြင်ပါတယ်။ ကျဉ်းကြပ်တဲ့ အဆောင်ခန်းလေးငှားနေရင်း လိုင်းကားတိုးစီးရင်း၊ ဘ၀ကို အဆင်ပြေသလို ရုန်းကန်နေကြတယ်။ အဲဒီလို နေ့ရက်တွေကို ကျွန်မ ကျော်လွန်ခဲ့ပြီးပြီ။ လောကဓံ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ ကျွန်မ မောနေပြီ။ ငယ်ရွယ်တဲ့အချိန်တုန်းက ဘ၀ခါးခါးကို ခံနိုင်ရည်အားတွေ ရှိပါတယ်။ ခုချိန်မှာ လူရောစိတ်ရော ပန်းနေပြီမို့ ခါးသီးမှုတွေကို ပြန်မလိုချင်တော့ဘူး။ ဒီလိုနဲ့ပဲ သူများတိုင်းပြည်က အလုပ်ခန့်စာကို လိုလိုချင်ချင် လက်ခံပါတယ်။ အလုပ်ခန့်စာ မရခင် ရန်ကုန်မှာ နေတဲ့ရက်တွေကြာလာလို့၊ အသုံးစရိတ်ရအောင် နိုင်ငံခြားက လာဖွင့်တဲ့ ဆေးခန်းတခုမှာ ခဏ၀င်လုပ်ပါတယ်။ တနေ့ကို USD 17 ဒေါ်လာရပါတယ်။ မဆိုးဘူးလို့ ဆိုရမှာပါ။ ရုံးချိန်အလုပ် ဆင်းရတာမို့ လိုင်းကားစီးရတဲ့ ဒုက္ခကို ကောင်းကောင်း သိသွားပါတယ်။ 

ရန်ကုန်မှာ လိုင်းကားစီးရင်း၊ ကားစောင့်ရင်း အဆင်မပြတာတွေ တွေ့ပြီး ရယ်စရာ ဒေါသဖြစ်စရာတွေလည်း ရှိရဲ့။ မြန်မာနည်း မြန်မာ့ဟန် ယဉ်မောင်းစနစ်လို့ ဆိုရမလား၊ အချိုးအကွေ့နဲ့ လမ်းဆုံတွေမှာ လက်ညှိုးလေးထောင် အကိုရေ တစီးလောက်လို့ဆိုပြီး အတင်းတိုးဝင် သွားကြပါတယ်။ နေ့စဉ်အလုပ်သွားတဲ့ အလုပ်သမား ၀န်ထမ်းတွေကို အလုပ်ရှင်အချို့က ကားအကြိုအပို့ ပေးပါတယ်။ အလုပ်သမားတွေကို များသောအားဖြင့် ဒိုင်နာကား၊ ဟိုင်းလပ်ကားတွေနဲ့ ပို့ပေးကြတယ်။ တချို့က အမိုးမပါ ထိုင်ခုံတန်းမပါတဲ့ ထရပ်ကားတွေနဲ့ ပို့ပေးတယ်။ ဒီထက်ဆိုးတာက ကုန်တင်တဲ့ အလုံပိတ် ကွန်တိန်နာ ကားတွေနဲ့ ကြိုပို့လုပ်ပေးကြ ပါတယ်။ အနောက်ပိတ်ကို ဖွင့်ပြီး၊ လှောင်အိုက်နေတဲ့ ကွန်တိန်နာကားတွေထဲမှာ အရယ်အမောမပျက် လိုက်ပါသွားကြတဲ့ အလုပ်သမားတွေကို ကြည့်ပြီး၊ လူကိုလူလို့ မမြင်တတ်ကြတဲ့ အလုပ်ရှင်တွေကို ဒေါသဖြစ်မိပါတယ်။ သူဟာသူ အဆင်ပြေ ကျေနပ်နေကြတာကို ကျွန်မက အိုးကမပူပဲ စလောင်းက ပူနေသလို ဖြစ်နေပါတယ်။ 

ရန်ကုန်ကို ပြန်ရောက်ခါစက နိုင်ငံခြားမှာလို ငွေလဲတဲ့ ဆိုင်တွေရှိလာတာကို ချီးကျူးမိပါတယ်။ သူများထက် ထူးတဲ့ မြန်မာပြည်မှာ ငွေလည်းစနှစ်က သူများတိုင်းပြည်နဲ့ မတူ။ ဒေါ်လာငွေက နွမ်းနေရင် ခေါက်ရိုးကျိုးနေရင် ပုံမှန် ငွေလည်းနှုန်းထက် လျှော့ပေးပါတယ်။ တရာတန်ဆို ဈေးတမျိုး၊ ဆယ်တန်က ဈေးတမျိုး၊ ကျပ်တန်က ဈေးတမျိုး။ ငွေလဲတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုဝေဖန်ကြမယ်တော့ မသိ။ ကျွန်မစိတ်ထဲတော့ မြန်မာ့နည်း မြန်မာ့ဟန် ငွေလဲစနစ်ကို တော်တော် သဘောမကျပါ။ ဒေါ်လာကို ရွှေလိုတန်ဖိုးထား နေရတဲ့ ကျွန်မတို့ တိုင်းပြည်မှာ မြန်မာကျပ်ငွေတွေရဲ့ ဖောင်းပွမှုက ကြီးထွားလျှက်ပဲ။ သူများတိုင်းပြည်မှာ ဘဏ်စနစ်တွေ သိပ်ကောင်းသလောက် မြန်မာပြည်က ဘဏ်တွေမှာ ငွေထုတ်တွေ ထမ်းပိုးရတုန်း။ ဘဏ်ဝန်ထမ်းတွေ ငွေထုတ်တွေ သယ်ရ၊ ငွေစက္ကူတွေ ရေရနဲ့ သူတို့အစား ကျွန်မ စိတ်ပျက်မိပါတယ်။ 

လည်သလို လုပ်စားနေတဲ့ မြန်မာပြည်က နေရာဦးတဲ့ ၀န်ဆောင်မှု အကြောင်းကိုလည်း ပြောပြချင်သေးတယ်။ ရန်ကုန်က မလေးရှား သံရုံးမှာ ဗီဇာလျှောက်ရင် မနက် (၉)နာရီကနေ (၁၁)နာရီအတွင်း သံရုံးရှေ့မှာ တန်းစီစောင့်ပြီး၊ တုံကင်နံပါတ် ယူရပါတယ်။ ကျွန်မ ဗီဇာလျှောက်တာ ဧပရာယ်လ ဖြစ်နေတော့ သင်္ကြန်ပိတ်ရက်မှာ စင်္ကာပူနဲ့ မလေးရှားကို အလည်သွားဖို့ ဗီဇာလျှောက်တဲ့ သူတွေများပါတယ်။ မနက်အစောကြီးသွားတန်းစီမှ (၉) နာရီမှာ တုံကင်နံပါတ် ရပါတယ်။ ကျွန်မက (၈)နာရီလောက်မှ ရောက်သွားတော့ (၁၁)နာရီ ထိုးတဲ့အထိ တန်းစီးစောင့် ပြီးမှတုံကင်နံပါတ် ရပါတယ်။ နံပါတ်ရပြီးတော့ ကိုယ့်အလှည့်ရောက်အောင် စောင့်ရတာ ညနေ (၄)နာရီ အထိပါ။ အဲ့ဒီလို မစောင့်နိုင်ရင် မနက် (၂) နာရီလောက် ကတည်းက ကြိုပြီးနေရာဦးထားတဲ့ လူတွေကို ပိုက်ဆံပေးပြီး၊ နေရာယူ လို့ရပါတယ်။ ဘယ်လောက်လဲ မေးကြည့်တော့ တသောင်းကျပ်လို့ ဆိုပါတယ်။ ငွေတသောင်း အကုန်မခံချင်လို့ တန်ခူးလ နေပူပူမှာ ဗန်ဒါပင်ရိပ်ခိုပြီး၊ သူများနည်းတူ တန်းစီးစောင့်လိုက် ပါတယ်။ တနေကုန် အချိန် မပေးနိုင်တဲ့ သူတွေတော့ နေရာဝယ် ကြတယ်ထင်ပါရဲ့။ ဒါလည်း မြန်မာ့နည်း မြန်မာ့ဟန် ၀န်ဆောင်မှု တမျိုးလို့ ဆိုရမလို။

အမြင်မတော်တာတွေ အဆင်မပြေတာတွေကို စာဖွဲ့လို့တော့ မကုန်နိုင်ပါ။ ဘယ်အရာမှ စနစ်တကျ မဖြစ်တာတွေကို ဘ၀င်မကျပေမဲ့ မျက်စိမှိတ်နေရတဲ့ အဖြစ်ကလည်း အဆင်မပြေခြင်း တခုပါ။ မြန်မာပြည်မှာ နေလို့ အဆင်မပြေမဲ့ အတူတူ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်ကို ထွက်ခဲ့ပါတယ်။ ဆားဘားပြည်နယ်ရဲ့ မြို့တော် ကိုတာကင်နာဘာလူး (Kota Kinabalu) က အစိုးရတက္ကသိုလ်မှာ ကျွန်မရဲ့ အတွေ့အကြုံ ပညာအရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာတခုရ ပါတယ်။ အဲဒီနေရာ ဒေသမှာ ဘယ်လောက်ကြာကြာ ခိုနားရအုံးမလဲဆိုတာ မသိ၊ အဆုံးမသိတဲ့ ခရီးကို ခြေဦးလှည့်ခဲ့ ပါတယ်။ ရန်ကုန်လေဆိပ်ကနေ လေယာဉ်ထွက်တော့ မြန်မာပြည်ကို ပြန်ငေးကြည့် မိပါတယ်။ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းခဲ့ပြီး၊ ဒီမြေမှာ ပညာသင်ခဲ့တဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ ဒီမြေကို မခင်တွယ်လို့လည်း မဟုတ်ဘူး။ ဒီမြေမှာ နေဖို့ အဆင်မပြေသေးလို့ပါ။ အဆင်မပြေမှုများနဲ့ ပြည့်လျှံနေတဲ့ မြန်မာပြည်ကို ပြန်လာဖို့ မျှော်ကြည့်နေကြတဲ့ အဝေးရောက် မြန်မာတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ သဘာဝတရားက ဆောင်ကြဉ်းပေးပါ လိမ့်မယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

စံပယ်ဖြူ




No comments:

Post a Comment